ဘုရင့်နောင်ပင်မဓာတ်အားခွဲရုံမှာ ထရန်စဖော်မာ တိုးချဲ့တပ်ဆင်နိုင်ခဲ့ပြီး ဓာတ်အားများ ပိုမိုထုတ်လွှတ်ပေးသွားမည်
03 Oct 2017 1,368 Views
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ ဘုရင့်နောင်ပင်မဓာတ်အားခွဲရုံကနေ ၂၃၀။၆၆။၁၁ ကေဗွီ၊(၁၂၅)အမ်ဗွီအေ အမှတ်(၁)ထရမ်စဖော်မာ နဲ့ ၆၆ ကေဗွီ Indoor GIS တို့ကို တိုးချဲ့တပ်ဆင်နိုင်ခဲ့ပြီး ဓာတ်အားများ ပိုမိုထုတ်လွှတ်ပေးသွားမှာ
ဖြစ်တယ်လို့သိရပါတယ်။
အရင်က ဘုရင့်နောင်ဓာတ်အားခွဲရုံရဲ့ ၂၃၀/၆၆/၁၁ ကေဗွီ၊(၁၀၀)အမ်ဗွီအေ ထရမ်စဖော်မာ (၁)လုံးထဲကနေ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးလျက်ရှိရာမှ တိုးတက်သုံးစွဲလာတဲ့ ဓာတ်အားလိုအပ်ချက် ပမာဏများကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဘုရင့်နောင်ပင်မ၊ ဓာတ်အားခွဲရုံမှာ(၁၂၅)အမ်ဗွီအေ အမှတ် (၁)ထရမ်စဖော်မာ နဲ့ ၆၆ ကေဗွီ Indoor GIS တို့ကို တိုးချဲ့တပ်ဆင်ခဲ့တာဖြစ်ပါတယ်။ ဖွင့်ပွဲအခမ်းအနား ကိုတော့ စက်တင်ဘာ(၃၀)ရက်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်မှာ ရှိတဲ့ဘုရင့်နောင်ပင်မ ဓာတ်အားခွဲရုံမှာ ကျင်းပခဲ့ပါတယ်။ဒီစီမံကိန်းအတွက် နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ(၁၇.၉၆)သန်း ကျခံသုံးစွဲ တည်ဆောက်ခဲ့တာဖြစ်ပြီး ဒီစီမံကိန်းမှတစ်ဆင့် အင်းစိန်၊မရမ်းကုန်း၊လှိုင်မြို့နယ်တို့ကို ဓာတ်အား ပိုမိုပေးနိုင်မှာဖြစ်တယ်လို့သိရပါတယ်။
ဒီစီမံကိန်းကိုတော့ (၂၀၁၆)ခုနှစ် အောက်တိုဘာလမှာ စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။စက်တင်ဘာလ(၆)ရက်နေ့မှာတော့ အပြီးသတ် တပ်ဆင်မှုပြီးစီးခဲ့ လျှပ်စစ်ပိုင်းဆိုင်ရာစမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီး အောက်တိုဘာလ က စတင်ကာဓာတ်အားတွေကို ပိုမိုထုတ်လွှတ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတစ်ဝှမ်းလျှပ်စစ်ဓာတ်အားအပြည့်အ၀ထုတ်လုပ် သုံးစွဲနိုင်ရေးအတွက် ရေအား၊သဘာဝဓာတ်ငွေ့၊လေစွမ်းအင်၊နေစွမ်းအင်၊ကျောက်မီးသွေးစတဲ့ ဓာတ်အားထုတ်လုပ်ပေးနိုင်တဲ့နည်းလမ်းတွေကို အသုံးချပြီး(၂၀၂၁)ခုနှစ်မှာမဂ်္ဂါဝပ်(၅၀၀၀) ထုတ်လုပ် ဖြန့်ဖြူးနိုင်ရေး ရေတို၊ရေရှည်ဓာတ်အား ထုတ်လွှတ်မှု၊ပို့လွှတ်မှုနဲ့ဖြန့်ဖြူးမှုအစီအမံတွေရေးဆွဲကာ အကောင် အထည်ဖော်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။