BEC-TERO TV

အောင်မြင်မှု အထည်ချုပ်ကျွမ်းကျင်မှုသင်တန်းကျောင်းမှ သင်တန်းဆင်းပြီးပါက အထည်ချုပ်စက်ရုံတွေနဲ့ချိတ်ဆက်ကာအလုပ်အကိုင်များပေးသွားမည်

29 Sep 2017     1,471 Views


အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာနနဲ့ ““ပျိုးပင် အဖွဲ့အစည်း”” တို့ပူးပေါင်းဆောင်ရွက်တဲ့ အောင်မြင်မှုအထည်ချုပ်ကျွမ်းကျင်မှု သင်တန်းကျောင်းမှာ စက်ချုပ် သင်တန်းဆင်းပြီးပါက အထည်ချုပ်စက်ရုံတွေနဲ့ချိတ်ဆက်ကာ အလုပ်အကိုင်များ ပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံအရပ်ရပ်မှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားများအတွက် ခိုင်မာတဲ့အလုပ်အကိုင် အခွင့်အလမ်းတွေရရှိနိုင်ဖို့နဲ့ အထည်ချုပ်တိုးတက်ရေးကဏ္ဍမှာ စက်ရုံများအနေနဲ့ရှာဖွေဖို့ခက်ခဲနေတဲ့ ကျွမ်းကျင်လုပ်သားလိုအပ်ချက်တွေဖြည့်ဆည်းနိုင်ဖို့အတွက် အောင်မြင်မှုအထည်ချုပ်ကျွမ်းကျင်မှု သင်တန်းကျောင်းကို ၂၀၁၇ခုနှစ် စက်တင်ဘာလ(၁၈)ရက်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

သင်တန်းကျောင်းမှာ ပထမအသုတ်အဖြစ် သင်တန်းသား(၇၆)ယောက်ကို အခမဲ့သင်ကြားပေးနေပြီး သင်တန်းသင်ကြားနေစဉ်တစ်ရက်လုပ်ခ (၁၈၀၀)ကျပ်ကိုပေးနေတာဖြစ်ပါတယ်။အောင်မြင်မှု အထည်ချုပ်ကျွမ်းကျင်မှုသင်တန်းကျောင်းမှာ အထည်ချုပ်လုပ်ခြင်း၊ ဖြတ်ညှပ်ခြင်းအချောသတ်ခြင်းနဲ့အခြားအထည်ချုပ်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းများနဲ့ လုပ်ငန်း အတွင်း သိနားလည်ရန်လိုအပ်တဲ့အထွေထွေဗဟုသုတနဲ့အသိပညာပိုင်းဆိုင်ရာတိုးတက်မြင့်မားရေးနှင့်ဆိုင်သောသင်တန်းများကို ပေးနေတာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာတော့ အောင်မြင်မှု အထည်ချုပ်ကျွမ်းကျင်မှုသင်တန်းကျောင်းကို အထည်ချုပ်စက်ရုံ(၂၀)ကျော်မှ ကျွမ်းကျင်အထည်ချုပ် လုပ်သားများကို ခန့်အပ်ဖို့အတွက် ဆက်သွယ်ထားတယ်လို့ပြောပါတယ်။

အဆိုပါသင်တန်းကို အသက်(၁၈)နှစ်နဲ့အထက် ကျား၊မမရွေးအခမဲ့တက်ရောက် သင်ကြား နိုင်တာဖြစ်ပြီး သင်တန်းကာလ(၂)လပြီးဆုံးပါက အထည်ချုပ်စက်ရုံများမှာ တရားဝင် သတ်မှတ်ထားတဲ့အခြေခံလစာနဲ့ လုပ်ငန်းခွင်ကိုချက်ခြင်းဝင်ရောက်လုပ်ကိုင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ လုပ်ငန်းခွင်ထဲဝင်ရောက်ပြီးသူတွေအနေနဲ့ လုပ်ငန်းခွင်အတွေ့ကြုံ (၄)လရှိပါက အာဆီယံနိုင်ငံများမှ အသိမှတ်ပြုကျွမ်းကျင်စာမေးပွဲကို ၀င်ရောက်ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။အောင်မြင်မှုအထည်ချုပ်ကျွမ်းကျင်မှုသင်တန်းကျောင်း ဒုတိယအသုတ်သင်တန်းကို နိုဝင်ဘာလ(၂၁ရက်မှာဖွင့်လှစ်သွားမှာဖြစ်ပြီးအဆိုပါသင်တန်းစီမံကိန်းကို သက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ Livelihoods and Food Security Trust(LIFT)မှ ရန်ပုံငွေကူညီ ထောက်ပံ့ပြီး CARE Myanmar ၊ပျိုးပင်နဲ့ Business Kind Myanmar တို့မှ My Jobs နဲ့ Legal Clinic Myanmar အလုပ်အမှုဆောင် အဖွဲ့ထူထောင်ပြီး စီမံခန့်ခွဲတာဖြစ်တယ်လို့ သိရပါတယ်။

 


29 Sep 2017     1,471 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS