ကားရေဆေး၊ဆီထိုးဆိုင်တွေ ပတ်ဝန်းကျင်အနှောက်အယှက်ဖြစ်အောင်လုပ်ရင် လုပ်ငန်းပိတ်သိမ်းတာအပြင် စည်ပင်ဥပဒေနဲ့အရေးယူမည်
27 Sep 2017 1,485 Views
ကားရေဆေး၊ဆီထိုးဆိုင်တွေကြောင့် ပတ်ဝန်းကျင်အနှောက်အယှက်ဖြစ်လို့ ကန့်ကွက် တိုင်ကြားရင် လုပ်ငန်းပိတ်သိမ်းတာအပြင် စည်ပင်ဥပဒေနဲ့အရေးယူသွားမယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားလိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကားရေဆေး၊ဆီထိုးဆိုင်တွေကြောင့် ပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်လာလို့ အမျာစုးက တိုင်ကြားကန့်ကွက်တာတွေရှိလာရင် မြေပြင်ကွင်းဆင်း စစ်ဆေးပြီး မှန်ကန်ရင် လုပ်ငန်းယာယီပိတ်သိမ်းပြီးတော့ ပတ်ဝန်းကျင်နေထိုင်သူတွေရဲ့ထောက်ခံချက်နဲ့ တခြားလိုက်နာဆောင်ရွက်ဖို့လိုအပ်ချက်တွေအတွက် လုပ်ငန်းရှင်တွေကို လုပ်ဆောင်စေမယ်လို့ တိုင်းဒေသကြီးလွှတ်တော်မှာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားလိုက်ပါတယ်။
` လိုအပ်ချက်တွေပြည့်စုံမှုရှိမှသာ လိုင်စင်တွေကို ပြန်လည်ခွင့်ပြုပေးမှာဖြစ်ပြီး ပတ်ဝန်းကျင်နေထိုင်သူ အများစုက ကန့်ကွက်ရင်၊လိုအပ်ချက်တွေကို ဖြည့်ဆည်းလုပ်ဆောင်တာမရှိရင် လုပ်ငန်းပိတ်သိမ်း ပြောင်းရွှေ့ရမှာဖြစ်သလို လိုက်နာမှုမရှိရင် စည်ပင်ဥပဒေနဲ့အရေးယူမယ်လို့မြို့တော်ဝန်က ပြောကြား လိုက်တာပါ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကားရေဆေးဆီထိုးဆိုင်တွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ လုပ်ငန်းလိုင်စင်ချထားပေးနေတဲ့ မူဝါဒအပါအ၀င် ဘယ်လို အချက်တွေကိုအခြေခံကာ လုပ်ငန်းလိုင်စင်ချထားပေးနေတယ်ဆိုတာနဲ့ ပတ်ဝန်းကျင်အနှောင့် အယှက်ဖြစ်ခဲ့ရင် ဘယ်လိုအရေယူဆောင်ရွက်ပေးမလဲဆိုတာကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက မေးမြန်းလိုက်တာပါ။
ဒီဆိုင်တွေကြောင့် ယာဉ်ကြော ကြပ်တည်းတာ၊လမ်းများပေါ် မှာရေ၀ပ်တာ၊ကားတွေရဲ့အညစ်အကြေးတွေကြောင့် ရေမြောင်းတွေပိတ်ဆို့တာ ရေစီးရေလာ မကောင်းတော့တာတွေရှိနေတယ်လို့ ဒေါ်နွယ်နွယ်ဝင်းက ဆိုပါတယ်။ ဒီအတွက် အလေးထားစိစစ်ဆောင်ရွက်ပေးနေသလို လုပ်ငန်းခွင့်ပြုချက်၊ လိုင်စင်တွေ ကိုလဲ လုပ်ငန်းလုပ်မယ့်နေရာနဲ့အနီးဆုံးနေထိုင်သူတွေ၊မီးသတ်ဌာန၊လျှပ်စစ်ဌာန၊လုပ်ငန်းအမျိုးအစားနဲ့ သက်ဆိုင်တဲ့ဝန်ကြီးဌာန၊အဖွဲ့အစည်းတွေ၊အဆောက်အအုံအသစ်ဖြစ်ပါက ဆောက်လုပ်ခွင့် ခွင့်ပြုမိန့်၊ အမှိုက်၊မိလ်္လာနဲ့ရေဆိုးစွန့်ပစ်မှုစနစ်စတဲ့ထောက်ခံချက်တွေနဲ့ ကိုယ်ပိုင်ဧရိယာထဲမှာပဲ ဆောင်ရွက်ထားမှု ရှိ၊မရှိတွေကို မြေပြင်ကွင်းဆင်းစစ်ဆေးစိစစ်ပြီးမှ လိုင်စင်ခွင့်ပြုချထားပေးနေတယ်လို့လဲ သိရပါတယ်။