မက္ကဆီကိုနိုင်ငံတွင် ငလျင်ထပ်မံလှုပ်ခတ်ခဲ့
26 Sep 2017 1,283 Views
မက္ကဆီကိုနိုင်ငံ အွာဟာကာပြည်နယ်မှာ ပြင်းအား(၆)ဒဿမ(၁)မဂ္ဂနီကျူအဆင့်ရှိ ငလျင်တစ်ခုဟာ ဒေသစံတော်ချိန်စက်တင်ဘာလ(၂၃)ရက် မနက်အစောပိုင်းကထပ်မံလှုပ်ခတ်ခဲ့ပြီး ငလျင်ကြောင့် အဆောက်အဦးတချို့ပျက်စီးခဲ့တဲ့အပြင် တံတားတစ်စင်းလည်းပျက်စီးခဲ့ပါတယ်။ ဒါတွေအပြင် လူ(၂)ဦးသေဆုံးခဲ့တယ်လို့ မက္ကဆီကိုအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာလ(၂၃)ရက်ငလျင်ကြောင့် မက္ကဆီကိုနိုင်ငံမြို့တော်မက္ကဆီကိုမြို့မှာ စက်တင်ဘာလ (၁၂)ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ဒဏ်ကနေ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်နေတဲ့ ကယ်ဆယ်ရေးသမားတွေအတွက် အနှောင့်အယှက်ဖြစ်ခဲ့ပါတယ်။
စက်တင်ဘာလ(၂၃)ရက်ငလျင်ဟာ မာတီယာရိုမယ်ရိုမြို့ကို ဗဟိုပြုလှုပ်ခတ် ခဲ့တာဖြစ်ပြီး ငလျင်ဟာ မြေအောက်(၉)ကီလိုမီတာ အကွာကိုဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ အမေရိကန်ဘူမိဗေဒစာရင်းအင်းဌာနက သတင်းထုတ်ပြန်ပါတယ်။စက်တင်ဘာလ(၂၃)ရက် ငလျင်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့အပျက်အစီးတွေနဲ့ပတ်သက်တဲ့စာရင်းအင်းတွေမရသေးဘူးလို့ မက္ကဆီကိုမြို့တော်ဝန် မီဂေးအန်ဂယ်မန်ဆေးရာက ပြောပါတယ်။သေဆုံးသူအမျိုးသမီး(၂)ဦးရှိခဲ့ပြီး သေဆုံးသူတွေဟာ နှလုံးလန့်တာကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့လည်း သူကပြောပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေပြန်လည်လုပ်ဆောင်နေပြီဖြစ်တယ်လို့လည်း သူကပြောပါတယ်။ ယခုလှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ မက္ကဆီကိုနိုင်ငံမှာ ယခုစက်တင်ဘာလတစ်လထဲမှာတင် (၃)ကြိမ်မြောက်လှုပ်ခတ်ခဲ့တဲ့ ငလျင်ဖြစ်ပါတယ်။စက်တင်ဘာလ(၁၂)ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူဦးရေ(၉၀)ကျော်ရှိခဲ့ပြီး စက်တင်ဘာလ(၁၉)ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူဦးရေ(၃၀၀)ကျော်နေပြီလို့ မက်္ကဆီကိုအာဏာပိုင်တွေက သတင်းထုတ်ပြန် ထားပါတယ်။