မြောက်ကိုရီးယားနှင့်အမေရိကန်တို့ စကားစစ်ထိုးပွဲ အရှိန်မြင့်လာ
26 Sep 2017 1,431 Views
မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးရီယွန်ဟို စက်တင်ဘာလ(၂၃)ရက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောကြားခဲ့တဲ့မိန့်ခွန်းအပေါ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြန်လည် ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်နဲ့နိုင်ငံခြားရေးဝန်ကြီး ရီယွန်ဟိုတို့အနေနဲ့ခြိမ်းခြောက်ပြောဆိုတာတွေဆက်လုပ်နေမယ်ဆိုရင် သူတို့ရဲ့တည်ရှိမှုကြာမြင့် တော့မှာမဟုတ်ဘူးလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သူ့ရဲ့တွစ်တာ စာမျက်နှာကနေ ခြိမ်းခြောက်ပြောဆိုခဲ့တာပါ။
မြောက်ကိုရီးယားနိုင်ငံ အရှေ့ဘက်ကမ်းခြေဒေသနားကို အမေရိကန်ဗုံးကြဲလေယာဉ်တွေ စစ်ရေးပြပျံသန်းခဲ့ပြီးနောက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။အမေရိကန်ဗုံးကြဲလေယာဉ်တွေ စစ်ရေးပြပျံသန်းခဲ့တာဟာ အမေရိကန်နိုင်ငံကို ခြိမ်းခြောက်မှုတွေကို စစ်ရေးအရတုံ့ပြန်မှုတွေပြုလုပ်သွားမယ်ဆိုတာကို ပြသလိုတာဖြစ်တယ်လို့ အမေရိကန်စစ်ဌာန ချုပ်ပင်တဂွန်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်လေယာဉ်တွေ ပျံသန်းခဲ့ တာဟာ တောင်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံကြားစစ်မဲ့ဇုန်မြောက်ဘက်မှာ အမေရိကန် တိုက်လေယာဉ်တွေနဲ့ဗုံးကြဲလေယာဉ်တွေ အဝေးဆုံးပျံသန်းနိုင်ခဲ့တဲ့နေရာဖြစ်တယ်လို့လည်း ပင်တဂွန်ရဲ့ သတင်းထုတ်ပြန်ချက်မှာပါဝင်ပါတယ်။အမေရိကန်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံကြား စကားစစ်ထိုးပွဲ အရှိန်မြင့်တက် လာတာဟာ အန္တရာယ်ရှိတဲ့အကျိုးဆက်တွေဖြစ်လာနိုင်တယ်ဆိုပြီး နိုင်ငံတကာ အသိုက်အ၀န်းက စိုးရိမ်နေကြပါတယ်။