ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးကို နိုဝင်ဘာလ ၁၅ ရက်မှစပြီး ကျောင်းအခြေပြုထိုးနှံပေးမည်
21 Sep 2017 1,312 Views
ပုံမှန်ကာကွယ်ဆေးထိုးစီမံချက်မှာ ကာကွယ်ဆေးအသစ်အနေနဲ့ ပါဝင်လာမယ့် ဂျပန် ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးကို (၂၀၁၇)ခုနှစ် နိုဝင်ဘာလ(၁၅)ရက်ကနေ နိုဝင်ဘာလ(၂၃) ရက်အတွင်း တစ်နိုင်ငံလုံးက စာသင်ကျောင်းတွေမှာ ထိုးနှံပေးသွားမှာဖြစ်ပါတယ်။ ကျောင်းအခြေပြုကာကွယ်ဆေးထိုးလုပ်ငန်းမှာ အသက်ငါးနှစ်ကနေ (၁၅)နှစ် အရွယ် ကျောင်းနေကလေးတွေကို ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။
ကာကွယ်ဆေးအသစ်ဖြစ်တဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးကို အစိုးရ စာသင်ကျောင်းတွေအပြင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေနဲ့ပရဟိတစာသင်ကျောင်းများမှာ ပါ ထိုးနှံပေးသွားမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကူးစက်တိုးချဲ့ကာကွယ်ဆေးဌာန ၊လက်ထောက်ညွှန်ကြားရေးမှူးရဲ့ပြောကြား ချက်အရသိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာတော့ စာသင်ကျောင်း(၂၇၀၀)ကျော်မှာ ကာကွယ် ဆေးထိုးနှံပေးဖို့လျာထား တယ်လို့သိရပါတယ်။နိုဝင်ဘာလအတွင်း ထိုးနှံပေးသွားမယ့်ကျောင်းအခြေပြု ကာကွယ်ဆေးထိုးလုပ်ငန်းမှာ မထိုးနှံလိုက်ရတဲ့ အသက်(၁၅)နှစ်အထက် ကျောင်းပြင်ပနေ ကလေးတွေနဲ့ အသက်ကိုးလမှငါးနှစ်အရွယ်ကလေးတွေကိုတော့ ၂၀၁၇ ဒီဇင်ဘာလ(၁၁)ရက်ကနေ ၂၀ ရက်အတွင်းပြုလုပ်မယ့် ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးလုပ်ငန်းမှာ ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။
လာမယ့်၂၀၁၈ ခုနှစ်မှာတော့ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးစီမံချက်မှာထည့်သွင်းပြီး အသက်(၉)လပြည့်ပြီးတဲ့ ကလေးတွေကို ၀က်သက် ကာကွယ်ဆေးနဲ့အတူ ထိုးနှံပေးသွားမှာဖြစ်ပါတယ်။အရှေ့တောင်အာရှမှာဖြစ်ပွားမှု အမြင့်ဆုံးဖြစ်တဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါက သက်ကြီးခြင်တွေသယ်ဆောင်တဲ့ ဗိုင်းရပ်စ်ကနေ ကူးစက်ခံရနိုင်ပြီး ဦးနှောက်တစ်သျှူးများပျက်စီးတဲ့အထိ အန္တရာယ်ရှိတယ်လို့သိရပါတယ်။