ကွမ်းယာစားသုံးမှုလျော့ကျစေဖို့ မီဒီယာမှတစ်ဆင့်ပညာပေးအစီအစဉ် ပြုလုပ်မည်
12 Sep 2017 1,566 Views
ကွမ်းယာစားတာကြောင့် ရောဂါရပြီးသေဆုံးတာတွေလျော့ကျစေဖို့ ခံတွင်းကင်ဆာ ခံစားနေ ရသူတွေပါဝင်တဲ့ ပညာပေးရုပ်သံအစီအစဉ်ကို စက်တင်ဘာလ ၁၁ ရက်နောက်ပိုင်းမှ စတင်ပြီး လူကြည့်ရှုမှုနှုန်းများတဲ့ ရုပ်သံလိုင်းတွေနဲ့ရေဒီယိုတွေမှာ တစ်လခွဲနီးပါးထုတ်လွှင့်ပြသသွားမယ်လို့ စက်တင်ဘာလ ၈ရက်က ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းမှာပြုလုပ်တဲ့ ဆေးရွက်ကြီးထွက် ပစ်္စည်းများသုံးစွဲမှုလျှော့ချရေးပွဲမှသိရပါတယ်။`
ခံတွင်းကင်ဆာရောဂါသည် ၄ ဦးကနေ ဆေးရွက်ကြီးနဲ့ကွမ်းယာသုံးစွဲမှုကနေ ရနိုင်တဲ့ဆိုးကျိုးတွေကို ကိုယ်တွေ့ပညာပေးရုပ်သံအစီအစဉ်ကို နိုင်ငံပိုင်ရုပ်သံလိုင်းအပါအ၀င် MRTV-4 ၊မြ၀တီနဲ့ DVB ရုပ်သံလိုင်းတွေမှာ ပြသသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ဒီအစီအစဉ်က စက္ကန့် ၃၀ ကြာမြင့်ပြီး လူကြည့်ရှုမှုနှုန်းများတဲ့အချိန်တွေမှာ ပြသသွားမယ်လို့သိရပါတယ်။ ၂၀၁၄ ခုနှစ်မှာကောက်ခံထားတဲ့ သန်းခေါင်စာရင်းအရ ပြည်တွင်းမှာ TV ကြည့်ရှုနိုင်သူ လူဦးရေ(ငါးသိန်း)သာ ရှိတာကြောင့် တစ်နိုင်ငံလုံးပျံ့နှံ့စေဖို့ City FM, Cherry FM, Mandalay FM စတဲ့ ရေဒီယိုလိုင်းတွေမှာပါ စက်တင်ဘာ ၁၁ ရက်နောက်ပိုင်းကနေ စပြီး တစ်လခွဲကြာ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
ယခုလှုပ်ရှားမှုက အမေရိကန်နိုင်ငံ Vital Strategies အဖွဲ့နဲ့ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းတို့ ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး ယခုပညာပေးအစီအစဉ်အတွက် ကျပ်သိန်းပေါင်း ၂၅၀၀ ကျော် အကုန်ကျခံထားတာဖြစ်ပါတယ်။၂၀၁၆ခုနှစ် စစ်တမ်းတွေအရ ပြည်တွင်းမှာ ကွမ်းယာစားသုံးသူ ၁၃ရာခိုင်နှုန်းရှိတယ်လို့သိရပါတယ်။