ဒေါ်လာသန်းချီတန် တရားမ၀င်ဆင်စွယ်နှင့်သင်းခွေချပ်အရေခွံများ မလေးရှား တွင်ဖမ်းမိ
11 Sep 2017 1,304 Views
မလေးရှားအကောက်ခွန်ရဲတပ်ဖွဲ့ဟာ အမေရိကန်ဒေါ်လာ(၁၉)သန်းကျော် (မလေးရှား ရင်းဂစ်ငွေသန်း(၈၀)ကျော်)တန်ဖိုးရှိတဲ့ တရားမ၀င်ဆင်စွယ်နဲ့သင်းခွေချပ်အရေခွံတွေကို ဖမ်းဆီးရမိ ခဲ့ပြီး အဲဒီပစ္စည်းတွေကို မှောင်ခိုတင်သွင်းရာမှာပါဝင်တယ်လို့ မသင်္ကာတဲ့မလေးရှားနိုင်ငံသား တစ်ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပြီဖြစ်ပါတယ်။ ဆင်စွယ် အချောင်းပေါင်း(၁၈၀၀)ကျော်နဲ့ သင်းခွေချပ်အရေခွံ အလေးချိန်(၅)တန် လောက်ကို မြေပဲထည့်ထားတဲ့ တောင်းတွေရဲ့အောက်ခြေမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေကို မလေးရှားနိုင်ငံ ဆာဘားပြည်နယ်က ဆီပန်ဂါကုန်တင်သင်္ဘောဆိပ်ကမ်းမှာ ပြီးခဲ့တဲ့သြဂုတ်လ(၂၉)ရက်က ဖမ်းဆီးခဲ့တာလို့ မလေးရှားအကောက်ခွန်ဌာနရဲ့ညွှန်ကြားရေးမှူးချုပ် ဆူဘရိုမာနီယမ်သောင်လေဆီက ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ပစ္စည်းတွေဟာ နိုင်ဂျီးရီးယားနိုင်ငံက လာတာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံကနေ မလေးရှားနိုင်ငံကို ၀င်ရောက်လာတာဖြစ်လို့ ဆူဘရိုမာနီယမ်က ပြောပါတယ်။ မလေးရှားနိုင်ငံရဲ့ အကောက်ခွန်ရဲတပ်ဖွဲ့ဟာ မှောင်ခိုကုန်ကူးတာတွေကို တားဆီး သွားမှာဖြစ်တယ်ဆိုပြီး ဆူဘရိုမာနီယမ်က ပြောပါတယ်။အမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာမှာ ပိုမိုလွယ်ကူစေဖို့ မှောင်ခိုးကူးရာမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိတဲ့ အသက်(၄၃)နှစ်ရှိပြီဖြစ်တဲ့ မလေးရှားနိုင်ငံသားတစ်ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပါတယ်။