ပြည်တွင်းရက်ကန်းဈေးကွက်မှာ အမျိုးသားဝတ်လုံချည်များသာ အားထားနေရပြီး အမျိုးသမီးဝတ်ရက်ထည်များ ဈေးကွက် ၀ယ်လိုအားနည်းနေ
08 Sep 2017 1,311 Views
ပြည်တွင်းရက်ကန်းဈေးကွက်အနေနဲ့ အမျိုးသားဝတ်လုံချည်များသာ အဓိကဈေးကွက်အဖြစ် တည်ရှိနေပြီး အမျိုးသမီးဝတ်စုံတွေကတော့ ဈေးကွက်အတွင်း ရောင်းချရမှုနည်းပါးနေကာ ပြည်ပကတင်သွင်းတဲ့ ရက်ထည်တွေကြောင့် ဈေးကွက်ဝယ်လိုအားလျော့နည်းနေတယ်လို့ စက်တင်ဘာလ(၅)ရက်နေ့ကနေ (၁၀)ရက်နေ့အထိ ရန်ကုန်မြို့အမျိုးသားပြတိုက်မှာပြုလုပ်နေတဲ့ လက်ခတ်သံ မြန်မာရိုးရာယက်ကန်း အထည်ဆိုင်ရာပြပွဲမှ သိရပါတယ်။ ပြည်တွင်းမှာ အမျိုးသမီးများအနေနဲ့ ပြည်ပကရက်လုပ်တင်သွင်းတဲ့ ရက်ထည်တွေ ကို အများဆုံးဝတ်ဆင်နေကြတာဖြစ်တယ်လို့သိရပါတယ်။
ပြည်တွင်းမှာ ရက်လုပ်တဲ့ရက်ကန်း ထည်များရဲ့ကုန်ကြမ်းတွေဖြစ်တဲ့ ချည်နဲ့ဆိုးဆေးတွေကအစ ပြည်ပကတင်သွင်းရတာကြောင့် ကုန်ကျစရိတ်များပြားလာသလို ထွက်ရှိလာမယ့် ချည်ထည်ကုန်ချောစရိတ်ဟာလည်း ပိုမိုများပြား လာပြီး ထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံတို့က တင်သွင်းလာတဲ့ ရက်ထည်တွေနဲ့ နှိုင်းယှဉ်ရင် ပြည်တွင်းက ရက်ထည်ဈေးပိုမိုများပြားနေတာကြောင့် နိုင်ငံခြားရက်ထည်ဈေးကွက်ကို မယှဉ်နိုင်ဘူး ဖြစ်နေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံက လက်နဲ့ခက်ခက်ခဲခဲရက်လုပ်ရတဲ့ လွန်းရာကျော်ချိတ်တွေကို ထိုင်းနိုင်ငံက ပုံနှိပ်ရက်လုပ်မှုတွေနဲ့ စက်တွေနဲ့ထုတ်လုပ်ပြီး မြန်မာနိုင်ငံအတွင်းကို ဈေးပေါပေါနဲ့ဝင်ရောက်နေ တာကြောင့် မြန်မာ့ရိုးရာလက်မှုပညာများ ပျောက်ကွယ်သွားမှာကို ပြည်တွင်းကရက်ကန်းပညာရှင် အချို့က စိုးရိမ်မှုတွေရှိနေတယ်လို့သိရပါတယ်။
ဒါ့ကြောင့် ဗြိတိသျှကောင်စီနဲ့ဆွစ်ဇလန်သံရုံးမှ Swiss Agency for Development & Cooperation တို့ပူးပေါင်းပြီး အမျိုးသမီးရက်ကန်း ပညာရှင်များနဲ့ မြန်မာနိုင်ငံရှိ သက်မွေးဝမ်းကြောင်းကျောင်းများမှ သင်ကြားရေးဝန်ထမ်းများ ကို ဒီဇိုင်းပညာရပ်၊ တီထွင်ဆန်းသစ်မှုဆိုင်ရာပညာရပ်များ၊ နည်းပညာပံ့ပိုးပေးခြင်းများကို (၃)နှစ် စီမံကိန်းရေးဆွဲပြီး ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာတော့ ပြည်ပက၀ယ်ယူတင်သွင်းထားတဲ့ ခေတ်မီရက်ကန်းစက်တွေကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ ရက်ကန်းနှင့်သက်မွေးပညာသိပ္ပံကျောင်းတွေမှာဝယ်ယူထားပြီး လေ့လာမှုတွေ ပြုလုပ်ကာ ဒီစက်တွေနဲ့ သင်တန်းတက်ရောက်သူတွေကို သင်တန်းပို့ချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။