မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်မှုများ ထပ်လုပ်လာနိုင်ဟု တောင်ကိုရီးယားပြော
06 Sep 2017 1,295 Views
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်တာတွေပြုလုပ်ခဲ့ပြီးတဲ့နောက် နောက်ထပ်ဒုံးကျည်ပစ်လွှတ်မှုတွေထပ်မံလုပ်ဆောင်ဖို့ပြင်ဆင်နေပြီး ထပ်မံပစ်လွှတ်မယ့်ဒုံးကျည်ဟာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယားဘက်ကာကွယ်ရေးဝန်ကြီးဌာနအရာရှိဖြစ်တဲ့ ချန်ကျောင်ဆိုးက တောင်ကိုရီးယားလွှတ်တော်မှာ ပြောလိုက်တာပါ။ စက်တင်ဘာလ(၃)ရက်မှာ မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်ပြီးတဲ့ နောက်ပိုင်းတောင်ကိုရီးယားအနေနဲ့နိုင်ငံအတွင်းမှာ ကန့်ကွက်မှုတစ်ချို့ရှိနေတဲ့အငြင်းပွားဖွယ် အမေရိကန်လုပ် THADD ဒုံးခွင်း ဒုံးစနစ်ကို ပိုအားကောင်း လာအောင်လုပ်ဆောင်နေတယ်လို့ တောင်ကိုရီးယားဘက်ကပြောပါတယ်။ မြောက်ကိုရီးယားရဲ့စမ်းသပ်မှုကိုတုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားဘက်ကလက်တွေ့ သရုပ်ပြလေ့ကျင့်မှုတွေကို စက်တင်ဘာလ(၄)ရက်က ပြုလုပ်ခဲ့ပါတယ်။
အဲဒီလေ့ကျင့်မှုတွေအတွင်း မြောက်ကိုရီးယားရဲ့နျူကလီးယားလက်နက်စမ်းသပ်တဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လေ့ကျင့်မှုတွေလည်းပါဝင်ခဲ့ပါတယ်။ အမေရိကန်နဲ့သူ့ရဲ့မဟာမိတ်နိုင်ငံတွေကို ခြိမ်းခြောက်မှုတွေ ပြုလုပ်လာမယ်ဆိုရင် စစ်ရေးအရတုံ့ပြန်သွားမယ်ဆိုပြီး အမေရိကန်ဘက်က သတိပေးပြောဆိုထား ပါတယ်။ နျူကလီးယားလက်နက်နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဆောင်တာနဲ့ အမေရိကန် နိုင်ငံအထိရောက်နိုင်တဲ့ စွမ်းအားပြင်းဒုံးကျည်တွေစမ်းသပ်တာကိုရပ်တန်ဖို့ အမေရိကန်နဲ့နိုင်ငံတကာက ပေးနေတဲ့ဖိအားတွေကိုလက်မခံနိုင်ဘူးလို့ မြောက်ကိုရီးယားကအခါခါပြောဆိုထားသလို ဒုံးကျည် ပစ်လွှတ်တာတွေကိုလည်းလုပ်ဆောင်နေပါတယ်။