မလေးရှားနိုင်ငံအလုပ်သမားစေလွှတ်မှုနဲ့ပတ်သက်ပြီး မြန်မာပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ၀န်ကြီးဌာနကို အသနားခံစာပို့မည်
31 Aug 2017 1,387 Views
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ သြဂုတ်လ(၁)ရက်နေ့က မလေးရှားနိုင်ငံသို့ အလုပ်သမားစေလွှတ်မှုနဲ့ပတ်သက်ပြီး မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်နဲ့ ပြည်ပအလုပ်အကိုင်လိုင်စင်ရ အေဂျင်စီများအားလုံးကို အကြောင်းကြားစာပေးပို့ခဲ့တယ်လို့သိရပါတယ်။ဒီအကြောင်းကြားစာမှာပါဝင်တဲ့ ဇူလိုင်လ(၂၃)ရက်မှ သြဂုတ်လ(၂၁)ရက်အထိ မလေးရှားနိုင်ငံသို့ ပညာရေး၊ကျန်းမာရေးကဏ္ဍနဲ့လူ့စွမ်းအားအရင်းအမြစ်အတွက် စေလွှတ်ခွင့်ပြု ထားတဲ့ အလုပ်သမားအရေအတွက်အတိုင်းစေလွှတ်ပြီးမှ အလုပ်ခေါ်စာအသစ်တွေကို လက်ခံရမည့် အပေါ် ပြည်ပအလုပ်အကိုင်လိုင်စင်ရအေဂျင်စီများအားလုံး အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။
ဒါ့ကြောင့် မလေးရှားနိုင်ငံသို့စေလွှတ်ခွင့်ပြုပြီးမသွားဖြစ်တဲ့ အလုပ်သမားအစား အလုပ်ခေါ်စာအသစ်နဲ့အလုပ်သမားအစားထိုးစေလွှတ်နိုင်ဖို့အတွက် မြန်မာပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ၀န်ကြီးဌာနကို အသနားခံစာပို့မယ်လို့သိရပါတယ်။ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ပြီးခဲ့တဲ့(၂၀၁၆)ခုနှစ်ဒီဇင်ဘာလ မလေးရှားနိုင်ငံကိုအလုပ်သမားစေလွှတ်ဖို့ ရပ်ဆိုင်းထားခဲ့ပါတယ်။ပြီးခဲ့တဲ့ ၂၀၁၇ ဇွန်လ(၂၈)ရက်က မလေးရှားနိုင်ငံကို အလုပ်သမားများ ပြန်လည်စေလွှတ်ဖို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်နဲ့ ပြည်ပ အလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီတွေကို အကြာင်းကြားခဲ့တယ်လို့သိရပါတယ်။