ခရီးသွားလုပ်ငန်းနှင့်ပို့ကုန်ကြောင့် ထိုင်း GDP တိုးတက်
28 Aug 2017 1,304 Views
ထိုင်းနိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး (GDP) ဟာ ယခုနှစ်ရဲ့ ဒုတိယ သုံလပတ်တာကာလမှာ တိုးတက်မှုရှိခဲ့ပြီး ဒါဟာ ခရီးသွားလုပ်ငန်းတွေနဲ့ ပို့ကုန်တန်ဖိုးမြင့်တက် ခဲ့တာတွေကြောင့်ဖြစ်တယ်လို့ ထိုင်းအစိုးရဘက်က ပြောပါတယ်။ယခုနှစ်ရဲ့ ဒုတိယ(၃)လကာလပတ်မှာ ထိုင်းနိုင်ငံရဲ့ပြည်တွင်းအသားတင် ထုတ်ကုန်တန်ဖိုး(GDP) ဟာ ပြီးခဲ့တဲ့နှစ် ကာလတူတုန်းကရှိခဲ့တဲ့ (GDP) တန်ဖိုးထက်(၃ဒဿမ၇) ရာခိုင်နှုန်းတိုးတက်ခဲ့တာဖြစ်ပြီး ဒါဟာခရီးသွားလုပ်ငန်းတွေနဲ့ပို့ကုန်များလာတာကြောင့်ဖြစ်တယ်လို့ ထိုင်းအမျိုးသားစီးပွားရေးနဲ့လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဘုတ်အဖွဲ့က သြဂုတ်လ(၂၁)ရက်မှာ ထုတ်ပြန် ပါတယ်။
(၃ဒဿမ၅)ရာခိုင်နှုန်း တိုးလာဖို့မျှော်လင့်ထားပေမယ့် (၃ဒဿမ၇)ရာခိုင်နှုန်းအထိ တိုးတက်ခဲ့တာကြောင့် ထိုင်းအမျိုးသားစီးပွားရေးနဲ့လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဘုတ်အဖွဲ့အနေနဲ့ ဘဏ္ဍာနှစ်တစ်နှစ်လုံးစာ ဖွံ့ဖြိုးမှုညွှန်းကိန်းကို ပြန်စဉ်းစားရတော့မှာဖြစ်တယ်လို့ ထိုင်းစီးပွားရေး စီမံကိန်းအေဂျင်စီရဲ့ အတွင်းရေးမှုးက ပြောပါတယ်။ (GDP) တန်ဖိုး (၃ဒဿမ၇)ရာခိုင်နှုန်းဟာ ပြီးခဲ့တဲ့(၅)နှစ်အတွင်း အများဆုံးဖြစ်ပြီး ယခု(၃)လပတ်မှာပို့ကုန်နဲ့ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ တန်ဖိုးမြင့်တက်မှုက (၈)ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့လည်းသိရပါတယ်။(GDP)တန်ဖိုးတိုးတက်စေခဲ့တာဟာ ပြည်တွင်းထုတ်ကုန်ပစ္စည်းတွေကို သုံးစွဲမှုများစေခဲ့တာနဲ့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု များလာတာကြောင့်လည်း ဖြစ်တယ်လို့ ထိုင်းအမျိုးသား စီးပွားရေးနဲ့လူမှုရေးဖွံ့ဖြိုးတိုးတက်မှု ဘုတ်အဖွဲ့ရဲ့ အကြီးအကဲကပြောပါတယ်။