အမျိုးသမီးကိစ္စ စကားများထားသူ လူငယ်ချင်း ဓားထိုးမှုဖြစ်ပွား
06 Jun 2017 1,604 Views
မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ် မောရဂီဝါရပ်ကွက်၊ ၃၁ လမ်း ၇၅x၇၆ လမ်းကြားရှိ ရွှေဥယျာဉ် စားသောက်ဆိုင်ရှေ့တွင် အမျိုးသမီးကိစ္စနှင့်ပတ်သက်၍ စကားများထားဖူးသည့်လူငယ်တဦးအား အခြားလူငယ် ၃ ဦးက ဓားဖြင့်ထိုးမှု ဇွန် ၅ ရက်နေ့က ဖြစ်ပွားခဲ့သည်။
အောင်ကျော်စိုးဆိုသူသည် သူ၏ဆိုင်ကယ်ပေါ်သို့တက်နေစဉ် ယခင်က အမျိုးသမီးကိစ္စနှင့် စကားများခဲ့ဖူးသော ရန်အောင်နှင့် ဘအေးအပါအ၀င် လူ ၃ ဦးရောက်ရှိလာကာ ရန်အောင်မှ အသင့်ယူဆောင်လာသော အရိုးအသွား ၉ လက်မခန့်ရှိ ခရမ်းရောင်လက်ကိုင်ရိုးတပ်စတီးဓားဖြင့် အောင်ကျော်စိုးအား ထိုးခဲ့သည်။
ဓားဖြင့်အထိုးခံရမှုကြောင့် အောင်ကျော်စိုးမှာ ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ကျောဘက်တွင် ထိုးသွင်းဒဏ်ရာ ၁ချက်(စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ရာ မန္တလေးပြည်သူဆေးရုံကြီး အရေးပေါ်ဌာနသို့ တင်ပို့ခဲ့ရသည်။
အဆိုပါဓားထိုးမှုကို အမှတ် ၈ နယ်မြေရဲစခန်းမှ (ပ)၂၈၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၁၁၄ တို့ဖြင့် အမှုဖွင့်ကာ တရားခံကိုဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
Source: News watch