ယနေ့မနက် ရာသီဥတုနှင့်မုန်တိုင်း နောက်ဆုံးရသတင်း
30 May 2017 1,622 Views
ဒီကနေ့နံနက်မိုးလေဝသဂြိုလ်တှုမှ ဖမ်းယူရရှိတဲ့ပုံအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုရာ” (Severe Cyclonic Storm"Mora") သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့၏ အနောက်-အနောက်မြောက်ဘက် (၆၅)မိုင်ခန့်၊ ကျောက်ဖြူမြို့၏ အနောက်မြောက်ဘက် (၁၂၀)မိုင်ခန့်နှင့် မောင်တောမြို့၏ အနောက်တောင်ဘက် (၃၅)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ စစ်တကောင်းမြို့၏ တောင်ဘက်မိုင်(၁၁၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါ သည်။ အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် မြောက်-အရှေ့မြောက်ဘက် သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင်မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် တိမ်ထူထပ်နေပါသည်။
မြန်မာနိုင်ငံပေါ်မှာကတော့ အရှေ့ပိုင်းဒေသတွေမှ လွဲ၍ ကျန်ဒေသတွေမှာ တိမ်ထူထပ်နေပါတယ်။
ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ
တစ်ပြည်လုံးမှာ မိုးထစ်ချုန်းရွာခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှာ ဒေသအလိုက်နှင့် ချင်းပြည်နယ်မှာ နေရာကွက်၍ မိုးကြီးခဲ့ပါတယ်။
မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ပဲခူးမြို့မှာ (၄.၃၃)လက်မ၊ ဟားခါးမြို့မှာ (၄.၂၁)လက်မ၊ ဇောင်းတူမြို့မှာ (၃.၅၈)လက်မ၊ မော်လိုက်မြို့မှာ (၂.၈၇)လက်မနှင့် ဖလမ်းမြို့မှာ (၂.၆၀)လက်မတို့ ဖြစ်ကြပါသည်။
နေပြည်တော်၏ အမြင့်ဆုံးအပူချိန်မှာ (၃၂)ဒီဂရီစင်တီဂရိတ်၊
ရန်ကုန်မြို့၏ အမြင့်ဆုံးအပူချိန်မှာ (၂၈)ဒီဂရီစင်တီဂရိတ်နဲ့
မန္တလေးမြို့၏ အမြင့်ဆုံးအပူချိန်မှာ (၃၄)ဒီဂရီစင်တီဂရိတ်တို့ ဖြစ်ကြပါသည်။
Source: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန