မိတ္ထီလာမြို့ အ.ထ.က (၁) အထက်တန်းကျောင်းကို ဘေးလွယ်အိတ်ဖြင့်သာ ကျောင်းတက်ခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။
လာမယ့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှာ ပညာသင်ယူမယ့် အလယ်တန်း အထက်တန်း ကျောင်းသား ကျောင်းသူ အားလုံး ဘေးလွယ်အိတ်နဲ့သာ ကျောင်းတက်ရမှာ ဖြစ်ပြီး ကျောပိုးအိတ်တွေနဲ့ တခြားလွယ်အိတ်တွေနဲ့ ကျောင်းတက်ဖို့ ခွင့်မပြုဘူးလို့ ကြေညာထားပါတယ်။
ဒီလိုမျိုး ဘေးလွယ်အိတ်နဲ့သာ ကျောင်းတက်ခိုင်းရတာက ကျောင်းသားကျောင်းသူတွေနဲ့ မအပ်စပ်တဲ့ ပစ္စည်းတွေ ယူဆောင်မလာနိုင်အောင်နဲ့ အလွယ်တကူစစ်ဆေးနိုင်အောင် ရည်ရွယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံတော်ညွှန်ကြားချက် မဟုတ်ပေမယ့် ကျောင်းရဲ့အနေအထားအရ လိုအပ်လို့ လုပ်ဆောင်တာဖြစ်တယ်လို့လဲ သိရပါတယ်။
အဆိုပါကျောင်းမှာ ကျောင်းသား ၊ ကျောင်းသူ ၃၅၀၀ ကျော် တက်ရောက်ပြီး ဆရာ၊ ဆရာမ ၁၀၈ ဦးခန့်ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က ကျောင်းချိန်အတွင်း မူးယစ်စေသော ပစ္စည်းများ ၊ သံလက်သီးနဲ့ ချိန်းကြိုးများ စစ်ဆေးတွေ့ရှိခဲ့ဖူးတယ်လို့ The Voice သတင်းမှာ ဖော်ပြထားပါတယ်။
အထက်တန်းအဆင့် ကျောင်းသားတွေကြား ဂိုဏ်းဖွဲ့ခြင်း ၊ ခိုက်ရန်ဖြစ်ခြင်း ၊ မူးယစ်ဆေးသုံးစွဲခြင်းများ ရှိနေတယ်လို့ သတင်းတွေကြားထားတဲ့အတွက် အခုလို အလွယ်တကူစစ်ဆေးနိုင်ဖို့ ဘေးလွယ်အိတ်နဲ့သာ ကျောင်းတက်ခိုင်းတာဟာ ဖြေရှင်းတဲ့နည်းလမ်း မဟုတ်ပေမယ့် ကောင်းမွန်ပြီးဖြစ်သင့်တဲ့ ကိစ္စတစ်ရပ်ဖြစ်တယ်လို့ ကျောင်းသားမိဘအချို့ကလည်း လက်ခံထားကြတယ် The Voice သတင်းမှာ ပါရှိပါတယ်။
Source and Credit : The Voice