သခွားသီးကို များသောအားဖြင့် တို့စရာအဖြစ် ၊ ချိုချဉ်ကြော်အဖြစ် စားကြသလို အသုပ်ထဲကိုလဲ ထည့်သုပ်စားတတ်ကြပါတယ်။ ဒီတစ်ခါတော့ သင်္ဘောသီးသုပ်လိုပဲ စားလို့ကောင်းတဲ့ ချိုချို အေးအေး မွှေးမွှေး သခွားသီးသုပ်လေး သုပ်စားကြရအောင်။
လိုအပ်တဲ့ အမယ်များ
သခွားသီးအရင့် - ၁ လုံး ( အဝါရောင်)
ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း ၁ ဇွန်း
ပုစွန်ခြောက်မှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
မြေပဲလှော် (ထောင်းပြီးသား) - ထမင်းစားဇွန်း (၁) ဇွန်း
ကြက်သွန်နီ - ၂ လုံး
ဆား၊ အရသာမှုန့် - အနည်းငယ်စီ၊
ပူစီနံ သို့မဟုတ် ပင်စိမ်း - အနည်းငယ်
ငရုတ်သီးစိမ်း - ၃ တောင့်
သံပုရာသီး - တစ်လုံး
သခွားသီးကို အလယ်မှ ဒေါင်လိုက် ထက်ခြမ်းခြမ်းပြီး အစေ့ထုတ်ပါ။ ရေဆေးပြီး သခွားသီးအမျှင်လေးတွေရအောင် သင်္ဘောခြစ်နဲ့ ခြစ်ပါ။
ကြက်သွန်နီကို ပါးပါးလေးတွေလှီးထားပါ။ အသုပ်ထဲထည့်စားဖို့ ငရုတ်သီးစိမ်းကို ကတ်ကြေးဖြင့် ညှပ်ပါ။ ကိုယ်လိုသလောက်အချဉ်ရအောင် ညှစ်ထည့်ဖို့ သံပုရာသီးကို အဆင်သင့် လှီးထားပါ။
စားခါနီးမှ သခွားသီးမျှင်ထဲကို ဆီချက် ၊ ပုစွန်ခြောက်မှုန့် ၊ မြေပဲထောင်း ၊ ကြက်သွန်နီ ၊ ဆား ၊ အရသာမှုန့် ၊ ငရုတ်သီးစိမ်း ထည့်ပါ။ သံပုရာသီးကို အချဉ်လိုသလောက် ညှစ်ပြီး အပေါ်မှ ပူစီနံ သို့မဟုတ် ပင်စိမ်းထည့်ပြီး သုပ်စားနိုင်ပါပြီ။
အရသာလဲရှိ စားလို့လဲကောင်းတဲ့ သခွားသီးသုပ်လေးကို အိမ်မှာ မြည်းစမ်းကြည့်နိုင်ပါပြီ။
Photo Credit : Moemoestar
comment