ဆရာရှင့် ကျွန်မအသက် ၅၆ နှစ်ရှိပါသည်။ အိမ်ထောင်ရှိပါသည်။ ကလေးမရှိပါ။ လွန်ခဲ့သော နှစ်ရက်မှစ၍ အသားတွေ ယားပါသည်။ ကုတ်လိုက်ရင် နီရဲပြီအင်ပြင်လိုဖြစ်သွားပါသည်။ လက်၊ ခြေထောက်၊ တင်ပါး တကိုယ်လုံးနီးပါးယားပါသည်။ မကုတ်ဘဲရသလောက်နေလည်း အနီအင်ပြင်လို အများကြီးနေရာ အနှံမှာယားပြီးဖြစ်ပါသည် ။
ကျွန်မ ဒီရက်ပိုင်းအတွင်းမှာ အထူးအဆန်းဘာမှမစားပါ။ မည်သည့်မြန်မာဆေး၊အင်္ဂလိပ်ဆေးမှလည်းမသောက်ပါ။ မည်သည့်တိရိစ္ဆာန်မှလည်း မကိုက်ဘူးပါ။ ဒီနေ့တရက်ပိုပြီး ယားလာပါသည်။ အကြာကြီးယားပြီး တကိုယ်လုံးစပ်နေပါသည်။ ကျွန်မတခါမှ မမေးဘူးပါ၍ အရေးအသားအဆင်မပြေဖြစ်ခဲ့လျှင် ခွင့်လွှတ်ပေးပါရန်တောင်းပန်ပါသည်။
အလာဂျီရရင် Urticaria အင်ပြင် ခေါ် အနီပြင်တွေထွက်တာ၊ Hay Fever ခေါ် နှာချေတာ၊ Allergic rhinitis ခေါ် နှာခေါင်းယားတာ Itchy eyes မျက်စိမွှန်တာတွေ ခံစားရမယ်။ အကြောင်းရင်းတွေရှာရင် ရက်တိုခဏဖြစ်တာနဲ့ ရက်ရှည်ဖြစ်တာ ၂ မျိုးရှိတယ်။ ဆေးတခုခုနဲ့ မတည့်လို့ဖြစ်တာ၊ Sulphonylurea glimepiride ဆေး၊ Dextroamphetamine, Aspirin, Ibuprofen, Penicillin, Clotrimazole, Sulfonamides ဆေးတွေနဲ့ Anticonvulsants အတက်သက်သာဆေးတွေ ပါတယ်။ ဆေးကြောင့်ဖြစ်ရင် အရေးပေါ် ဖြစ်တတ်တယ်။ မတည့်လေ့ရှိတဲ့ အစားအစာတွေထဲမှာ Shellfish ငါးနဲ့ အစေ့အဆံတွေ ပါတယ်။

မြေပဲ၊ ဥ၊ ဂျုံ၊ ပဲပုတ်။ သူများမတည့်တိုင်း ကိုယ်မတည့်တာမဟုတ်သလို၊ ကိုယ့်ပဲ မတည့်တာရှိတယ်။ သူများပြောတိုင်း လိုက်ရှောင်နေရင် စားစရာမရှိသလို ဖြစ်တတ်တယ်။ မမှန်ပါ။ ရုပ်ဝတ္ထုနဲ့ မတည့်လို့ဖြစ်တာ၊ (ဂွမ်းစောင်၊ အနွေးထည်) စိတ်ဖိအားကနေ ဖြစ်တာ၊ အေးလို့ဖြစ်တာ၊ ပူလို့ဖြစ်တာ၊ နေရောင်ကြောင့်ဖြစ်တာ၊ ရေကြောင့်ဖြစ်တာ၊ တုံခါမှုကြောင့်ဖြစ်တာ၊ လေ့ကျင့်ခန်းလုပ်လို့ဖြစ်တာ၊ အနံ့အသက်မတည့်တာ၊ ပန်းနံ့၊ ရေမွှေးနံ့၊ ခြင်ဆေးနံ့၊ ကားအိတ်ဇောနံ့။ အလာဂျီ အများဆုံးဖြစ်စေတဲ့ အရာ (၁ဝ) မျိုးရှိတယ်။ ဒီဆေးသုတေသနက ယူအက်စ်အေမှာလုပ်တာ။ နေရာအလိုက် မတူတာတွေ ရှိပါမယ်။ ဥပမာ အခုပဲ မြန်မာပြည် ဇီးကုန်းမြို့နယ်က ရွာတရွာမှာ လိပ်ပြာ အဝါရောင်နဲ့ ထိသူတွေ ယားကြသတဲ့။
၁။ နို့၊
၂။ မြေပဲ၊ ပဲပုပ်၊
၃။ ဥ၊
၄။ အစေ့အဆံများ၊
၅။ သန်ကောင်၊
၆။ ငါး၊ ပင်လယ်စာ၊
၇။ ဂျုံ၊
၈။ ဆပ်ပြာ။
၉။ ပန်းဝတ်မှုံ၊
၁ဝ။ ရာဘာ (လေးတက်စ်)။

သက်သဘို့ရာ အများဆုံးသုံးရတဲ့ဆေး Cetirizine (စီထရက်ဇင်း) ဟာ (အင်တီ-ဟစ်တမင်း) ဆေးခေါ်တယ်။ (အလာဂျီ) ရရင်ထွက်လာတဲ့ Histamines တွေကို တားဆီးပေးတယ်။ Histamine (H-1) receptor blockers လို့လဲ ခေါ်တယ်။ (အင်တီဟစ်တမင်း) ဆေးတွေထဲမှာ စတုတ္ထမျိုးဆက်ဆေး ဖြစ်တယ်။ နောက်ပေါ်လို့ ပြောရင် မှန်တယ်။
နောက်ပေါ်တာက ဘာထူးလဲဆိုရင် အိပ်ချင်စိတ် နည်းတယ်။ ဆေးအလေးချိန် 5mg နဲ့ 10mg စားဆေးဖြစ်တယ်။ ဆေးကို အစာနဲ့သောက်သင့်တယ်။ အစာနဲ့ဝေးလဲ ရပါတယ်။ ကလေးတွေကိုလဲ ပေးနိုင်တယ်။ ဘေးထွက်သက်ရောက်မှုတွေ နည်းနည်းအိပ်ချင်တယ်၊ အာခေါင်ခြောက်၊ ပျို့၊ ခေါင်းကိုက်၊ အားယုတ်၊ လည်ပင်းနာ။ အရေးပေါ်ဖြစ်လာရင် Epinephrine ဆေးပါထိုးပေးရတတ်တယ်။

သိပ်ဆိုးဆိုးဝါးဝါး ခံစားရသူကို Corticosteroid ဆေး အုပ်စုထဲက Prednisone ထိုးဆေး-စားဆေး ပေးနိုင်တယ်။ လိမ်းဆေး Hydrocortisone, Fluocinonide, Desonate တွေလဲ သုံးနိုင်တယ်။ ဆရာဝန်မတိုင်ပင်ပဲ လုံးဝမသုံးပါနဲ့။ Calamine lotion လိမ်းတာ သိသိသာသာ သက်သာတယ်။ လိုအပ်သူတွေကို စိတ်အခြေခံတာဆိုရင် stress management လုပ်သင့်တယ်။
Tricyclic antidepressants ဆေး အုပ်စုထဲက Doxepin ဆေးကိုလဲ သုံးနိုင်တယ်။ မတည့်တာတွေ စစ်လို့ရတယ်။ တချို့ဆို စာရွက်တမျက်နှာအပြည့် မတည့်တာထွက်လာတယ်။ မတည့်တာနဲ့တွေ့ရင် ပြန်ဖြစ်တယ်။ ဆောရီး။ စာတွေဖတ်ပါ ကြာရင် (အလာဂျီ) ကို ဆရာဝန်ထက်ပိုသိသူ ဖြစ်လာပါလိမ့်မယ်။ အထူးသဖြင့် ကိုယ့်အကြောင်းကိုသိမယ်။ တချို့မှာ အကြောင်းတရားတခုမကတွဲမှ ဖြစ်တာလဲရှိပါတယ်။

ဒေါက်တာတင့်ဆွေ