1. Home
  2. Health Fix

ညဘက်ခဏခဏဆီးထသွားရတဲ့ပြဿနာ

Health Fix มี.ค. 31, 2560 view 2,369
ညဘက်ကျရင် ဆီးသွားချင်လို့ အိပ်ရာကနိုးလာတတ်တဲ့သူတွေဟာ ကိုယ့်ရဲ့အစားအစာတွေမှာ အငန်လျှော့စားဖို့လိုလိမ့်မယ်လို့ ဂျပန်ဆရာဝန်တွေက အကြံပြုပါတယ်။ အသက် ၆၀ ကျော်အရွယ်တွေမှာအဖြစ်များတဲ့ nocturia ခေါ် သည်ပြဿနာဟာ လူကြီးတွေကို အိပ်ရေးပျက်စေ ပြီး နေထိုင်မှုဘဝကို ထိခိုက်စေနိုင်ပါတယ်။ ပါဝင်သူ ၃၀၀ ကျော်ကိုလေ့လာခဲ့တဲ့သုတေသနမှာ အငန်လျှော့စားခြင်းက ဆီးသွားတာနည်းသွားစေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ 
 
နာဂါဆာကီတက္ကသိုလ် သုတေသီတွေက လန်ဒန်မြို့ရှိ European Society of Urology အစည်းအဝေးမှာ သုတေသန တင်ပြခဲ့တာဖြစ်ပါတယ်။ ၎င်းတို့က အငန်ကြိုက်တတ်သူတွေ၊ အိပ်စက်ချိန်ပြဿနာရှိနေသူတွေကို အငန်လျှော့စားဖို့အကြံပြုခဲ့ပြီး နောက်သုံးလအချိန်ယူ စောင့်ကြည့်ခဲ့ကြပါတယ်။ ပျမ်းမျှအားဖြင့်တော့ သူတို့ဟာ တစ်ညကို နှစ်ကြိမ်နဲ့အထက် ဆီးထသွားရတဲ့အခြေအနေကနေ တစ်ညကို တစ်ကြိမ်သာသွားရတဲ့အထိ လျော့သွားခဲ့တာတွေ့ရပါတယ်။
 
သည်အခြေအနေက ညဘက်အတွက်သာမကဘဲ နေ့ဘက်မှာပါ သက်ရောက်မှုရှိစေခဲ့ပြီး နေထိုင်မှုဘဝမှာ တိုးတက်ကောင်းမွန် လာတာတွေ့ရပါတယ်။ ဆန့်ကျင်ဘက်ကတော့ လေ့လာမှုမှာပါဝင်သူတွေအနက် ၉၈ ဦးကတော့ ပုံမှန်ထက် အငန်ပိုစားခဲ့ကြပြီး ညဘက်ဆီးသွားရတဲ့အကြိမ်ရေပိုများလာတာကို တွေ့ရပါတယ်။ သည်ဆက်နွှယ်မှုကို အတည်ပြုနိုင်ဖို့ ပိုကျယ်ပြန့်တဲ့သုတေသနတွေဆက်လက်လုပ်ဆောင်ဖို့လိုသေးတယ် ဆိုပေမယ့် အခုရလဒ်က သက်ကြီးပိုင်းတွေအတွက် အထောက်အကူဖြစ်စေမယ့်အကြံဉာဏ်ပေးနိုင်လိမ့်မယ်လို့ သုတေသီဒေါက်တာ မတ်ဆုအိုတိုမိုဟီရိုက ပြောပါတယ်။ 
 
ပုံမှန်အားဖြင့်တော့ သည်လိုခံစားနေရသူတွေအနေနဲ့ အိပ်ရာမဝင်ခင် သောက်သုံးတဲ့ရေပမာဏ၊ ဆီးအိမ်နဲ့ (အမျိုးသားဆိုရင်) ဆီးကျိတ်ရှိမရှိကို ဆရာဝန်တွေက အဓိကထားစစ်ဆေးလေ့ရှိပါတယ်။ ညဘက်မှာ ဆီးအိမ်ထဲရှင်းလင်းသွားအောင် ဆီးထသွားဖို့လိုလာတာက အသက် ၅၀ ကျော် အမျိုးသား၊ အမျိုးသမီး ထက်ဝက်ကျော်မှာ ကြုံတွေ့ရတတ်ပါတယ်။
 
သည်အခြေအနေကို သက်ကြီးပိုင်းအရွယ်တွေမှာ တွေ့ရတာများပြီး အများစုဟာ တစ်ညကို အနည်းဆုံးနှစ်ကြိမ် ဆီးထသွားရပါတယ်။ ညဘက်သည်လို ခဏခဏထရတဲ့အခါ အိပ်ရေးကပျက်လာပြီး စိတ်ဖိစီးမှုတွေ၊ ပင်ပန်းနုန်းချိတာတွေ၊ စိတ်မကြည်လင်တာတွေဖြစ်လာစေနိုင်ပါတယ်။ လူတွေဟာ အသက်ကြီးလာတာနဲ့အမျှ ဟော်မုန်းအပြောင်းအလဲတွေဖြစ်လာပြီး ညဘက်မှာ ခန္ဓာကိုယ်က ဆီးတွေပိုထုတ်လုပ်လာပါတယ်။ 
 
ဒါပေမယ့်အသက်ကြီးရင့်မှုကြောင့်ချည်းတော့ မဟုတ်ပါဘူး။ Nocturia အခြေအနေရဲ့နောက်ကွယ်မှာ ဆီးချိုရောဂါ၊ နှလုံးနဲ့ဆိုင်တဲ့ပြဿနာတွေ ဒါမှမဟုတ် အိပ်နေရင်း အသက်ရှုပုံမမှန်တဲ့ ရောဂါ sleep apnoea တို့လို အကြောင်းရင်းခံရောဂါတွေ ရှိနေနိုင်ပါတယ်။
 
Credit : kumudranews. health


Follow us on