မြန်မာတစ်နိုင်ငံလုံး အထူးရင်ခုန်စောင့်စားနေတဲ့ Myanmar Idol Season 2 Grand Final အစီစဉ်ကတော့ ယနေ့ မတ်လ၂၅ ရက်(စနေနေ့)မှာ ကျရောက်လာခဲ့ပါပြီ။ ည ၇ နာရီ ၃၀ မိနစ်မှာ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုနဲ့အတူ Myanmar Idol Season 2 ရဲ့ အနိုင်ရဆုရှင် Winner တစ်ဦး ပေါ်ထွက်လာမှာဖြစ်ပါတယ်။
ယနေ့ညမှာ Grand Final ကို ရောက်လာတဲ့ ပြိုင်ပွဲဝင် “သားငယ်” “ဘီလီလမင်းအေး” တို့နဲ့အတူတူ Top Ten Finalist တွေကိုလည်း Myanmar Idol စင်မြင့်ထက်မှာ ပြန်လည်တွေ့ရှိရဦးမှာဖြစ်ပါတယ်။
ပရိဿတ်ရဲ့ မဲရလာဒ်တစ်ခုတည်းနဲ့သာ Myanmar Idol ရဲ့ Winner ကိုဆုံးဖြတ်မှာဖြစ်တဲ့အတွက် ယနေ့ည တိုက်ရိုက်ထုတ်လွှင့်မှု အစီစဉ်မစတင်မီ ပရိသတ်တွေ မဲပေးရမယ့် ပုံစံလေးကို တင်ပြလိုပါတယ်။
**Myanmar Idol Grand Final ပွဲစဉ်နှင့် မဲပေးရမည့်ပုံစံ**
ပြိုင်ပွဲအစီစဉ်အရ ပြိုင်ပွဲဝင် နှစ်ဦးဟာ သီချင်း(၃)ပုဒ်စီ သီဆိုယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တစ်ဦးက ပထမဆုံး သီချင်းတစ်ပုဒ် သီဆိုယှဉ်ပြိုင်ပြီးတဲ့ အချိန်ကစလို့သာ Voting Line များကို စတင်ဖွင့်ထားမှာ ဖြစ်ပါတယ်။ Voting Line များကို ပွဲစဉ်တစ်လျှောက် ဖွင့်ထားပြီး အစီစဉ်ကြေညာသူက Voting Line များ ပိတ်လိုက်ပါပြီလို့ ကြေညာမည့်အချိန်ထိ ကိုယ်နှစ်သက်တဲ့ ပြိုင်ပွဲဝင်ကို MPT ဖုန်းလိုင်း တစ်မျိုးထဲနဲ့ စိတ်ကြိုက် SMS voting ပေးပို့နိုင်ပါတယ်။
Voting Line ပိတ်လိုက်တာနဲ့ မဲတွေကို ရေတွက်မှာဖြစ်ပြီး မဲအများဆုံး ပြိုင်ပွဲဝင်က Myanmar Idol Season 2 ရဲ့ Winner ဖြစ်ကြောင်း တစ်ခါတည်း ကြေငြာဂုဏ်ပြု ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။
ပွဲစဉ်တစ်လျှောက်လုံး မဲပေးနိုင်မယ့်အချိန်က နှစ်နာရီ ဝန်းကျင်ခန့်သာ ရှိတဲ့အတွက် ကိုယ်တစ်ကယ် ကြိုက်နှစ်သက်တဲ့ ပြိုင်ပွဲဝင်ကို မပြတ်တမ်း မဲပေးနေဖို့ လိုအပ်ပါတယ်။ မဲပေးတဲ့အခါ ပယ်မဲတွေ မဖြစ်အောင် Voting Line မဖွင့်မီ ကြိုတင်မဲ မပေးမိဖို့လိုအပ်ပါတယ်။
Myanmar Idol Season 2 Winner က ဘယ်သူဖြစ်နိုင်လဲ…?
Myanmar Idol Season 2 ရဲ့ ပြိုင်ပွဲစဉ် အဆင့်ဆင်းတွေကို ဖြတ်ကျော်တက်ခဲ့ပြီး နောက်ဆုံးမှာ နှစ်ဦးတည်း ကျန်နေခဲ့သူတွေကတော့ “သားငယ်” နဲ့ “ဘီလီလမင်းအေး” ဖြစ်ပါတယ်။ ဒီနှစ်ယောက်မှာ ဘယ်သူWinner ဖြစ်နိုင်မလဲ သုံးသပ်ကြည့်ရအောင်ပါ..။
သားငယ်
လူပုံသဏ္ဍန်က ဝ,ဝကြီးနဲ့ ချစ်စရာဟန်ပန်တွေကြောင့် ဒိုင်ဖြစ်သူ မတင်ဇာမော်က မကြာခဏ ချစ်လိုက်တာဟယ်လို့ အသဲတယားယားနဲ့ လှမ်းစခံရသူပါ။
အဆိုပညာဘက်မှာ ပါရမီရှင်တစ်ယောက်လို့ ပြောရလောက်အောင် အမြင့်သံ၊ အနိမ့်သံတွေကို ရောက်အောင် ပိုင်ပိုင်နိုင်နိုင်ကြီး သီဆိုနိုင်ခဲ့ပါတယ်။ သီဆိုမှုပိုင်း ဆိုင်ရာမှာတော့ ဒိုင်တွေထဲမှာ အသံရဲ့ အရည်အသွေးကိုသာကြည့်ပြီး ဆုံးဖြတ်တတ်တဲ့ မြန်မာပြည်ဦးသိန်းတန်က 5 Stars ကြယ်ငါးပွင့်အဆင့် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။
သားငယ်ကို လူတွေအထူး သတိထားမိပြီး မေတ္တာထားလာတဲ့ ပွဲစဉ်ကတော့ Top 10 ယှဉ်ပြိုင်မှုမှာ သူပထမဦးဆုံး သီဆိုခဲ့တဲ့ “အိမ်” သီချင်းကြောင့်ပဲ ဖြစ်ပါတယ်။ မန္တလေး-ပြင်ဦးလွင် ၂၁ မိုင်မှာ ပဲကြော်ကြော်နေတဲ့ အကြော်သည်လေးက သူ့တို့ဇနီးမောင်နှံရဲ့ အိမ်မက်ဟာ ကိုယ်ပိုင်အိမ်လေးတစ်လုံးရှိချင်တယ် ဆိုတဲ့ခံစားချက်တွေကို ပရိသတ်ကို မျက်ရည်အဝိုင်းသားနဲ့ ဖွင့်ချခဲ့ပြီး ပရိဿတ်ကြားမှာ အားပေးနေတဲ့ သူရဲ့ ဇနီးသည်ကို “အရမ်းချစ်တယ်” လို့ လှမ်းပြောလိုက်တဲ့ အချိန်က စပြီး ပရိဿတ်တွေရဲ့ ရင်ထဲမှာ သားငယ်က နေရာယူသွားခဲ့ပါပြီ။
သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့အတူ ချစ်ခင်တဲ့ ပရိဿတ်တွေရဲ့ အားပေးမှုကြောင့် သူဟာ ဖိုင်နယ်လ် ရောက်လာတဲ့အထိ တစ်ခါမှ Bottom တစ်ခါမှ မထိုင်ခဲ့ရဘူးတဲ့ ထူးခြားတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပါတယ်။
သီချင်းဆိုပြိုင်ပွဲဆိုတဲ့ အစီစဉ်ရဲ့ အနှစ်သာရအရ ယှဉ်ပြိုင်သူဟာ သီချင်းပုံစံအားလုံးကို အကောင်းဆုံးဖြစ်အောင် သီဆိုရမှာဖြစ်ပါတယ်။
သီချင်းအမျိုးအစား အားလုံးကို သီဆိုယှဉ်ပြိုင်ခဲ့မှုအရ သားငယ်ရဲ့ ပင်ကိုယ်အသံဟာ crack tone (ကွဲရှသံ) ရှိသူဖြစ်တဲ့အတွက် သီချင်းတိုင်းနဲ့ ဆီလျော်ဖို့ ခက်ခဲပါတယ်။ သီဆိုမှု ပွဲစဉ်တစ်လျှောက်လုံး “မမမိုး” နဲ့ “ပဲ့ကိုင်ရှင်” မှာ အားနည်းချက် အနည်းငယ်စီတွေ့ခဲ့ပါတယ်။ ဒါပေမယ့် “မမမိုး” မှာ သူ့ရဲ့ ချစ်စရာပခုံးတွန့် ဟန်ပန်ကြောင့် အားနည်းချက်ကို ကာနိုင်ခဲ့သလို၊ သက်ဝင်ခံစားမှု အလွန်နည်းပြီး စာသားနဲ့ သီချင်းပုံစံ မမှားအောင် ထိန်းဆိုသွားရတဲ့ “ပဲ့ကိုင်ရှင်” မှာလည်း ဒီသီချင်းဟာ အခက်ဆုံးသီချင်းဖြစ်တယ် ဆိုတဲ့ အနေအထားနဲ့ နားလည်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် Blue စတိုင်သီချင်းတွေ သီဆိုယှဉ်ပြိုင်ရတဲ့ အပတ်မှာတော့ "အမုန်းမြို့ရဲ့အဝေးမှာ" သီချင်းမှာ မလိုက်ဖက်တဲ့ အားနည်းချက်တွေကို သိသိသာသာ တွေ့မြင်ခဲ့ရပါတယ်။
သီချင်းဆိုရာမှာ စာသားပီပြင်တယ်၊ လိုအပ်တဲ့အသံ ရောက်တယ် သို့သော် အသေအချာ ခံစားနားဆင်ကြည့်ရင် သားငယ်ရဲ့ အသံကာလာ သိပ်မလှတာကို သတိထားမိနိုင်ပါတယ်။ အခြေခံလူတန်းစားဘဝမှာ ကျင်လည်ခဲ့ရတဲ့ သားငယ်တစ်ယောက် ပေါင်းသင်းဆက်ဆံရေးမှာ ပြေပြစ်တယ်၊ မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ဆုတောင်းနဲ့ ပြည့်တဲ့သူလို့ သုံးသပ်မိပါတယ်။
ဘီလီလမင်းအေး
ဘီလီဟာ တာထွက်သိပ်မကောင်းခဲ့ဘူးလို့ ပြောလို့ရပါတယ်။ Bottom 3 မှာလည်း အကြိမ်ကြိမ် ထိုင်ခဲ့ရသူဖြစ်ပြီး စိတ်ထောင်းကိုယ်ကြေ ဖြစ်ခဲ့ရသူဆိုရင်လည်း မမှားပါဘူး။ ဘီလီလမင်းအေးရဲ့ ပြဿနာကတော့ လူမှုပေါင်းသင်းဆက်ဆံရေး ပြဿနာဖြစ်ပါတယ်။
Top 10 မတိုင်မီ အဖွဲ့လိုက် သီဆိုယှဉ်ပြိုင်ရတဲ့ ဖြူဖြူကျော်သိန်းရဲ့ “အရှုံးထက်ပိုသော” သီချင်းက စလို သူကိုပရိဿတ်က မာနကြီးသူအဖြစ် သတိထားသတ်မှတ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ဒီသီချင်းကို မဆိုချင်ဖူးလို့ ပြိုင်ပွဲမဝင်ခင်မှာ အခြားအဖွဲ့ဝင်တွေ သဘောထားကွဲခဲ့ပါတယ်။ ဒါပေမယ့် တစ်ကယ်သီဆိုတဲ့အခါမှာတော့ သူက အကောင်းဆုံးတစ်ယောက် ဖြစ်လို့နေပါတယ်။ သူ့ရဲ့ ပင်ကိုယ်အရည်အချင်းကို သူမသိခင်မှာ နားမထောင်ဘူးတဲ့ သီချင်းတစ်ပုဒ်ကို ကြောက်စိတ်နဲ့ ငြင်းပယ်မိခဲ့ခြင်းသာဖြစ်ပါတယ်။
ဒုတိယတစ်ကြိမ်ကတော့ ဇင်ကြီးနဲ့ သူမ တစ်ဦးဦး Bottom ထိုင်ရတော့မယ့်ပွဲစဉ်မှာ ဇင်ကြီးက Bottom ထိုင်ခဲ့ရပါတယ်၊ အဲ့သည်အချိန်မှာ ဇင်ကြီးကို အားပေးနှစ်သိမ့်မှု မပြုပဲ သူမရဲ့ Safe ခုံမှာကို တန်းပြီး သွားထိုင်ခဲ့တဲ့အတွက် သူမ ပရိဿတ်တွေ ထပ်မံလျော့ကျခဲ့ပြန်ပါတယ်။ သီချင်းဆိုကောင်းပေမယ့် ဒီလို လူမှုရေး အားနည်းချက်တွေကြောင့် Bottom 3 မှာ အကြိမ်ကြိမ်ထိုင်ခဲ့ရတာဖြစ်ပါတယ်။ သူမဟာ ပညာရေးကိုသာ တစ်စိုက်မှတ်မှတ် လုပ်လာပုံရပါတယ် ဒီအတွက်ကြောင့် ပတ်ဝန်းကျင်နဲ့ ပေါင်းသင်းဆက်ဆံရေးပိုင်းမှာ အားနည်းခဲ့ရသူတစ်ဦးဖြစ်ပါတယ်။
ဘီလီလမင်းအေး သီဆိုယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တွေကို ပြန်ကြည့်ရင် အသံပိုင်းဆိုင်ရာ ထူးခြားမှုရှိနေပြီး ကိုယ့်ရဲ့စတိုင်မျိုးဖြစ်အောင် သီဆိုနိုင်ခဲ့ပါတယ်။ သားငယ်ရဲ့ အားနည်းချက်အချို့ကို တွေ့ခဲ့ရတဲ့ “ဝင်းဦး” သီချင်းများ သီဆိုမှုအပတ်စဉ် သီဆိုယှဉ်ပြိုင်မှုမှာတော့ သူ့ရဲ့သီချင်းတစ်ပုဒ်လို ဖြစ်အောင် သီဆိုပြသွားနိုင်သလို အင်္ဂလိပ်စာသားများ နေရာမှာလည်း ပြေပြစ်သပ်ရပ်တဲ့ အသံထွက်နဲ့ ဆိုပြသွားတာ တွေ့ခဲ့ရပါတယ်။ ဘီလီဟာ သူမရဲ့ မျက်နှာအမူအယာဟာလည်း ဝမ်းနည်းရိပ်၊ စိုးရိမ်ပူပန်သောက အရိပ်တွေကို ကွယ်ဝှက်မထားတတ်သူလို့ ပြောရလောက်အောင် သူမရဲ့ မျက်မှာပေါ်မှာ မသာမယာရှိနေတာကို အမြဲတွေ့ရတတ်ပါတယ်။ သံပိုင်းဆိုင်မှာ သားငယ်လိုပဲ ပြောစရာမရှိအောင် ကောင်းတဲ့သူ ဖြစ်ပြီး အသံကာလာ မှာတော့ သားငယ်ထက် လှပသူလို့လဲ သုံးသပ်မိပါတယ်။ သူမရဲ့ အဖြစ်ချင်ဆုံး ဆန္ဒကတော့ ညီမလေးဖြစ်သူကို ဆေးကျောင်းတက်နိုင်အောင် ပံ့ပိုးချင်ပါတယ်တဲ့။
လူမှုကွန်ယက်မှာ သူမကို အားပေးကြတဲ့ ပရိဿတ်တွေကို သူမဟာ ရုပ်ချောလို့ နှာဗူးကျပြီး အားပေးတာလို့ စော်ကားခံနေရတာတွေလည်း ရှိနေပါတယ်။ တစ်ကယ်တော့ သူမဟာ ရုပ်ချောသူ တစ်ဦး မဟုတ်ပါဘူး၊ ရုပ်ရည်သန့်ပြန့်သူ တစ်ဦးတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ Myanmar Idol Season 2 မှာ တစ်ကယ်ရုပ်ရည်ရှိတဲ့ အမျိုးသမီးနှစ်ဦးကတော့ “အေမီစံ” နဲ့ “ယွန်း” တို့ ဖြစ်ပါတယ်။ အကယ်၍ ပရိသတ်က နှာဗူးကျပြီး မဲပေးမယ်ဆိုရင် သူတို့နှစ်လုံး Finalists တွေအဖြစ် ကျန်နေခဲ့မှာဖြစ်ပါတယ်။
Myanmar Idol စီစဉ်တင်ဆက်မှု
Myanmar Idol ရဲ့ အစီစဉ်တွေမှာ ပရိဿတ်စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာအောင် လှည့်ကွက်လေးတွေ ရှိနေတယ်လို့လည်း သုံးသပ်မိပါတယ်။ Voting System က ပရိဿတ်အနေနဲ့ ဘယ်လိုမှ အမှန်မသိနိုင်ပါဘူး။ ရဲနောင်ကို ပရိဿတ် စိတ်ဝင်စားလာအောင်၊ ဒေါသဖြစ်လာအောင် ဆွပေးတယ်။ တစ်ကယ်တော့ ရဲနောင်ရဲ့ မဲရလဒ်ကို ဘယ်သူတစ်ကယ်သိနိုင်မလဲ။ ဒါပေမယ့် ဖြုတ်ရမယ့် အဆင့်တစ်ခု ရောက်လာတော့လည်း ဖြုတ်ချခဲ့ပြန်ပါတယ်။
Idol ရဲ့ မူလအစီစဉ်လမ်းကြောင်းမှာ မပါတဲ့ တင်ဆက်မှုတွေနဲ့ ဇာတ်လမ်းဖြစ်အောင် ဖန်တီးခဲ့တယ်။ ယှဉ်ပြိုင်သူတွေရဲ့ နောက်ခံဘဝဇာတ်လမ်းတွေကို ဒရာမာချိုးခဲ့ပါတယ်။ ဒီအခါမှာ ပရိဿတ်ကြီးက သီချင်းဆိုယှဉ်ပြိုင်ပွဲကြီးဆိုတာကို မေ့သလောက်ဖြစ်သွားပြီး အသနားခံပြိုင်ပွဲကြီး အသွင်ကို ဆောင်လာပါတယ်။ ပရိဿတ်တွေက အခြားအခြားသော စိတ်ခံစားချက်တွေပေါ်မူတည်ပြီး မှန်မှန်ကန်ကန် မဆုံးဖြတ်နိုင်လောက်တဲ့ထိအောင် လမ်းကြောင်း ဖော်သွားပေးခဲ့ပါတယ်။
လူစိတ်ဝင်စားမှုများလေ ကြော်ညာရလေ။ ကြော်ညာရလေ ပိုက်ဆံရလေ၊ မဲပေးသူများလေ ပိုက်ဆံရလေပဲဖြစ်ပါတယ်။
ဒါဆိုရင် ဘယ်လိုသဘောထားနဲ့ မဲပေးသင့်ပါသလဲ..?
Myanmar Idol နဲ့ ပက်သက်တဲ့ ခံစားမှု အရာရာအားလုံး ဒီနေ့ည အဆုံးသတ်မှာဖြစ်ပါတယ်။ ကိုယ်ရွေးချယ်ပေးလိုက်မယ့် တစ်ယောက်က သီချင်းခွေ ထွက်လာရင် ကိုယ်တစ်ကယ် နားထောင်ချင်တဲ့သူ ဖြစ်ဖို့လိုပါတယ်။
လူတိုင်းမှာ လိုအပ်ချက် ကိုယ်စီ၊ အားနည်းချက်ကိုယ်စီ ရှိတတ်တာမို့ သနားတာတွေ၊ ချစ်ခင်တာတွေ ထက် တစ်ကယ်တော်ရဲ့လား ဆိုတာ ပိုပြီး အလေးပေး ဆုံးဖြတ်ရမယ့် အချိန်ရောက်လာပါပြီ။ ဒီညအတွက် Myanmar Idol Season 2 Winner က “သားငယ်” ဖြစ်မလား..? “ဘီလီလမင်းအေး” ဖြစ်မလားဆိုတာ ပရိဿတ်ကြီးရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်နေပါတယ်။
VIDEO
ယနေ့ည ၇ နာရီ ၃၀ မိနစ် MNTV ရုပ်သံလိုင်းမှာ ဘယ်သူတွေက ဘယ်လို ဖျော်ဖြေပေးကြပြီး ဘယ်တစ်ယောက်က Winner ဖြစ်မလဲဆိုတာ စောင့်ကြည့်ကြပါစို့..။