ရန်ကုန်မြို့ အင်းစိန်မြို့နယ်၊ ပေါက်တောဝအနီး ဖန်ချက်စက်လမ်း၊ မုဒိတာ အိမ်ရာ (၂) ရှိ တိုက်အမှတ် 2A-172 တွင် ဖွင့်လှစ်ထားသော မှော်ပညာ သင်တန်းကျောင်းကို ဇန်န၀ါရီလ ၁၄ ရက်နေ့က ချိပ်ပိတ်လိုက်ကြောင်း ယင်းမြို့နယ်မှ ရဲမှူးမင်းသိန်းက ပြောကြားသည်။“မှော်သင်တန်းကျောင်းကို မြို့နယ်ထွေ/အုပ် အမိန့်နဲ့ ပိတ်ခိုင်းထားတယ်။ သင်တန်းကျောင်းက တာဝန်ရှိသူတွေကို လက်ရှိစစ်ဆေးနေဆဲပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ချိတ်ပိတ်ခံရသည့် Wizadry School of Myanmar မှော်ကျောင်းတော် (မြန်မာပြည်) မှ အရှေ့တိုင်း၊ အနောက်တိုင်းနှင့် အရုပ်အပ်စိုက်ခြင်း ဗူးဒူး (Voodoo) ပညာရပ်များကို သင်တန်း ဖွင့်လှစ်သင်ကြားပေးနေကြောင်း ယင်းသင်တန်းသို့ သွားရောက်လေ့လာသူများထံမှ သိရသည်။
အများအမြင် အောက်လမ်းပညာဟု ထင်မှတ်နေသည့် အရုပ်အပ်စိုက်ခြင်း နှင့် ဗူးဒူးဆိုင်ရာ အခြားပညာများမှာ ကောင်းကျိုးအတွက် အသုံးပြုနိုင်ကြောင်း၊ မမြင်ရသည့် ၀ိညာဉ်များဖြင့် စီမံလုပ်ကိုင်ရခြင်း ဖြစ်ပြီး ပြုလုပ်သူမှ သက်သတ်လွတ် စားသုံးရမည် ဖြစ်ကာ သူတစ်ပါး ထိခိုက်နာကျင်မှုကို ပညာဖြင့် နှုတ်ယူနိုင်စွမ်းရှိသော စီရင်ထုံးပညာရပ် ဖြစ်ကြောင်း မှော်ပညာသင်တန်းကျောင်းတွင် အာဖရိကမှ ဆင်းသက်လာသည့် ဗူးဒူးပညာရပ်ကို သင်ကြားပေးနေသော သင်တန်းဆရာ လင်းညို့တာရာက ပြောခဲ့သည်။
ယင်းသင်တန်းကျောင်းကို ဆရာ လင်းညို့တာရာနှင့် ဆရာလပြည့်ဝန်းတို့က ဦးဆောင်ပြီး အရှေ့တိုင်း ရုပ်သွင်းနာမ်ထား သင်တန်းအောက်ရှိ ရုပ်သွင်းနာမ်သွင်းပညာ၊ မြန်မာရိုးရာ ဓာတ်တိုက်နှင့် နတ်ပညာအချို့၊ မြန်မာ့အရုပ်ပညာ၊ အရုပ်အပ်စိုက်ပညာ၊ နာမ်သွင်းဆေး အတတ်ပညာ၊ သပြေချိုးအပင်ခုတ်ပညာ၊ အကာအကွယ်ပညာနှင့် ပြုစားခြင်း အတတ် ညာရပ်များကို ဆရာလပြည့်ဝန်းက သင်ကြားပေးခဲ့ကြောင်း သိရသည်။မှော်ပညာသင်တန်းကျောင်းကို သင်တန်းကြေး တစ်ဦးလျှင် ငွေကျပ်သုံးသောင်းသတ်မှတ်၍ ဇန်န၀ါရီလ ၁ ရက်နေ့က စဖွင့်ခဲ့ပြီး စနေ၊ တနင်္ဂနွေနေ့များတွင် လာရောက်သင်ကြားသည့် သင်တန်းသားဦးရေမှာ ၃၀ ၀န်းကျင်ခန့် ရှိကြောင်း၊ မှော်ပညာသင်တန်းကျောင်း ချိတ်ပိတ်ခံရမှုနှင့်ပတ်သက်၍ မေးမြန်းရန် ယင်းသင်တန်းကျောင်းရှိ ဖုန်းနံပါတ်များထံ အကြိမ်ကြိမ် ခေါ်ဆိုခဲ့သော်လည်း လက်ခံဖြေကြားပေးမည့်သူ မရှိခဲ့ပေ။
Credit : thevoicemyanmar