Mae Hong Son စီရင်စုဆိုတာ ထိုင်းမြန်မာ နယ်စပ်မှာ တည်ရှိပါတယ်။ လူဦးရေအချိုးမှာတော့ ထိုင်းလူမျိုးတွေထက်၊ ဗမာ၊ ရှမ်း၊ ပအိုဝ် လူမျိုးတွေက ပိုများတယ်လို့ သိရပါတယ်။ Mae Hong Son မှာ မြန်မာယဉ်ကျေးမှု အနုပညာလက်ရာ တွေနဲ့ ဆောက်တည်ထားတဲ့ စေတီပုထိုးနဲ့ ဘုရားကျောင်းကန်တွေဟာလည်း ယနေအချိန်ထိ ရှိနေပါသေးတယ်။ယခုကမ္ဘာလှည့်ခရီးသွား ဓာတ်ပုံဆရာ Claudio Sieber ကတော့ ထိုင်းနိုင်ငံက ရှင်ပြုအလှူလို့ အမည်တပ်ထားပေမယ့် တကယ်တမ်းတော့ ထိုင်းလူမျိုးတွေရဲ့ အလှူမဟုတ်ပါဘူး။
မြန်မာနိုင်ငံသား ရှမ်းလူမျိုးတွေရဲ့ အလှူဖြစ်ပါတယ်။ ရှင်သာမဏေလောင်း 14 ပါး ကို ရှင်ပြုပေးတဲ့ပွဲလို့ ၎င်းက ရေးသားထားပါတယ်။Claudio Sieber က မောင်ရင်လောင်းတွေ ၀တ်တဲ့အ၀တ်အစားတွေဟာ ဂေါတမဘုရားအလောင်း ရဟန်းမပြုမီက ၀တ်ခဲ့တဲ့ အ၀တ်စားတွေကို ရည်ညွှန်းတာဖြစ်ပြီး၊ ဖခင်တွေကိုယ်တိုင် မောင်ရင်လောင်းတွေကို ပုခုံးထက်မှာ ထမ်းခေါ်ပြီး ဦးပဉ္ဇင်းတို့ ကျောင်းကို အိုးစည်ဗုံမောင်းနဲ့ သွားရောက်ပို့ဆောင်ကြတယ်လို့ ရေးသားထားပါတယ်။Claudio က ” ရှမ်းလူမျိုးတွေပေါ့ … သူတို့ကို ထိုင်းမှာတော့ ထိုင်းယိုင်လို့ ခေါ်ပါတယ် … သူတို့ အလှူမှာ ကျွန်တော်ကို အစားအစာတွေ ခေါ်ကျွေးတယ် … နောက် အိုးစည်ဗုံမောင်းတွေနဲ့ သူတို့တစ်တွေနဲ့ အတူတူ က,ဖို့ဖိတ်ခေါ်ခဲ့ပါတယ် … တကယ့်ကို ချစ်စရာကောင်းတဲ့ အတွေ့အကြုံတွေပါ “လို့ ပြောခဲ့ပါတယ်။
အလှူပွဲဟာ နှစ်ရက်ကျင်းပတာဖြစ်ပြီး၊ အလှူအ၀င်ရက်နဲ့ ဧည့်ခံကျွေးမွေးရက်ဆိုပြီး ခွဲခြားထားတယ်လို့ ဆိုပါတယ်။ အလှူဒုတိယရက်မှာ ရှင်လောင်းရဲ့ဖခင်တွေဟာ မင်းညီမင်းသားပုံစံဝတ်ထားတဲ့ သားတွေကို ပခုံးပေါ်မှာ ထမ်းပြီးမြို့ထဲကို တန်းစီလှည့်လည်ကြတာကို မြင်ရတာလည်း ပျော်စရာကောင်းကြောင်း Claudio က ဖော်ပြထားပါတယ်။မြန်မာနိုင်ငံမှာလည်း နိုဝင်ဘာလနောက်ပိုင်းမှာ သားရှင်ပြု သမီးနားသ အလှူပွဲတွေကျင်းပလေ့ရှိကြပြီး၊ အဆိုပါအခမ်းအနားတွေက ကမ္ဘာလှည့်ခရီးသွားတွေအတွက်တော့ အထူးတဆန်းနဲ့ မှတ်တမ်းတင်စရာတွေ ဖြစ်နေခဲ့ပါတယ်။
မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ ဗုဒ္ဓဘာသာတွေဟာ ပိုက်ဆံရှိလိုက်တာနဲ့ လှူမယ် တန်းမယ် သာသနာတော်ကြီးကို ချီးမြှောက်မယ်-ဆိုတဲ့ စိတ်ထားကို ပိုင်ဆိုင်ထားကြပါတယ်။အခုလည်း ထိုင်းနိုင်ငံဘက်ခြမ်းကို ရောက်နေပေမယ့် အလှူရေစက် လက်နဲ့မကွာတဲ့ ရှမ်းမိသားစုဝင်တွေဟာ သူတို့ရဲ့ သားရှင်ပြုအလှူပွဲကို ပျော်ပျော်ပါးပါး ပကာသနကင်းကင်းနဲ့ ဆင်နွဲခဲ့ကြပါတယ်။ ဒီအလှူပွဲကို ကမ္ဘာကျော်ဓာတ်ပုံဆရာ Claudio ရဲ့ ရိုက်ချက်တွေနဲ့အတူ အင်္ဂလန်ရဲ့ အရှိန်အ၀ါ အကြီးမားဆုံး သတင်းစာတစ်စောင်ဖြစ်တဲ့ The Sun သတင်းစာက ဖော်ပြခဲ့လို့ မြန်မာ့ယဉ်ကျေးမှုကို ကမ္ဘာက ပိုပြီးသိသိသွားခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပါကြောင်း။
Credit : နတ်စည်တော် (Shwemom)