အိန္ဒိယနိုင်ငံသုံး ရူပီးငွေ(၅၀၀)တန်နှင့်(၁၀၀၀)တန်တို့ကို ဆက်လက်အသုံးမပြုရန် အိန္ဒိယဝန်ကြီးချုပ်က နိုဝင်ဘာ(၈)ရက်က ကြေငြာလိုက်ခြင်းကြောင့် အိန္ဒိယ-မြန်မာနယ်စပ်မြို့ဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ နန်းဖာလုံဈေးသို့လည်း ရိုက်ခတ်မှုရှိခဲ့ကြောင်း သိရှိရသည်။
အိန္ဒိယ-မြန်မာနယ်စပ်ဈေးတစ်ခုဖြစ်သည့် နန်းဖာလုံဈေးတွင်ကုန်ပစ္စည်းရောင်းဝယ်မှုများကို မြန်မာ ငွေကြေး ဖြင့်သာမက အိန္ဒိယရူပီးငွေဖြင့်လည်း လက်ခံရောင်းဝယ်မှုများပြုလုပ်လျက်ရှိပြီး ယခုကဲ့သို့ရူပီး(၅၀၀) တန်နှင့် (၁၀၀၀)တန်များကို ဆက်လက်အသုံး မပြုရန်ငွေမည်းအဖြစ်ကြေငြာလိုက်သောကြောင့် ၎င်းရူပီးငွေများကို လက်ဝယ်ပိုင်ဆိုင်ထားကြသည့် မြန်မာနိုင်ငံမှ နန်းဖာလုံဈေးသူဈေးသား၊ ကုန်သည်များအတွက် နစ်နာမှုများ ရှိလာမည်ကို စိုးရိမ်နေကြကြောင်း နန်းဖာလုံဈေးသူဈေးသားများထံမှ သိရသည်။
“ရူပီး(၅၀၀)တန်၊(၁၀၀၀)ထောင်တန်တွေနဲ့ ဈေးရောင်းဈေးဝယ်မလုပ်ကြဖို့ဒီနေ့မနက် နန်းဖာလုံဈေးထဲမှာ ဈေးကော်မတီကလှည့်လည်သတိပေးနှိုးဆော်ထားပါတယ်။ ကျွန်တော်တို့မှာလည်း ရူပီးအနည်းငယ်လက် ထဲရှိနေပါတယ်။ အိန္ဒိယဘက်က ပြန်လဲပေးမယ်လိုတော့ သိရပေမယ့်ဘယ်လိုလုပ်ရမယ် မသိသေးပါဘူး။ လက်ဝယ်ရှိနေတဲ့ ရူပီးငွေတွေနစ်နာမှာတော့စိုးရိမ်မိပါတယ်။” ဟု နန်းဖာလုံဈေးမှ ဦးအောင်ဇော်လင်းက ပြောသည်။
အိန္ဒိယနိုင်ငံသုံး ရူပီးငွေ(၅၀၀)တန်နှင့်(၁၀၀၀)တန်များကို၂၀၁၆ခုနှစ်၊နိုဝင်ဘာ(၉)ရက်နေ့မှစတင်ကာ ဆက် လက်အသုံး မပြုကြရန်အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မိုဒီက နိုဝင်ဘာ(၈)ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့ကြောင်း၊ အဆိုပါ ရူပီး(၅၀၀)တန်နှင့်(၁၀၀၀)တန်များကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ(၁၀)ရက်မှ ဒီဇင်ဘာ (၃၀) ရက်အတွင်း အိန္ဒိယနိုင်ငံဘဏ်များတွင် ပြန်လည်ပေးသွင်းထားနိုင်ကြောင်း India Today Page တွင်ဖော်ပြထားသည်။
“ရူပီးငွေအချို့ကို ဆက်လက်အသုံးမပြုဖို့ငွေမည်းစာရင်းကြေငြာတာနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံက တာဝန် ရှိသူတွေကတော့ပြန်လဲပေးမယ်လို့သိရပါတယ်။ဒါပေမယ့် တစ်ဖက်နိုင်ငံကဖြစ်တဲ့အတွက်ကျွန်တော်တို့ က တော့ တရားဝင်ဆောင်ရွက်ပေးလို့မရဘူး။ ကုန်သည်တွေရဲ့နီးစပ်ရာအသိုင်းအဝိုင်းတွေကတစ်ဆင့်ဝိုင်းဝန်း ဖြေရှင်းကြရမယ့် အနေအထားပါ။ ရူပီး(၅၀၀)တန်၊ (၁၀၀၀)တန်တွေနဲ့ဈေးလာဝယ်ရင် ကျွန်တော်တို့နိုင်ငံသား တွေ အလိမ်ခံထိမှာစိုးလို့ဈေးတွေမှာတော့ ကြေငြာပေးထားပါတယ်။”ဟု တမူးမြို့မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက ပြောသည်။
တမူးမြို့တွင် နိုဝင်ဘာ(၉)ရက်နေ့အထိ အိန္ဒိယနိုင်ငံသုံးရူပီးငွေ(၁၀၀)လျှင် မြန်မာကျပ်ငွေ(၁၈၆၀)ကျပ်ဝန်းကျင် ငွေလဲနှုန်းဈေးပေါက်နေကြောင်း သိရသည်။
Credit:မြစ်မခမီဒီယာ