မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းမှ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်ကြီး တည်ရှိရာ ရင်ပြင်တော်စခန်းအထိ တောင်တက်ကားခ နောက်ခန်းဈေးနှုန်းအား သီတင်းကျွတ်လပြည့်နေ့မှ စတင်ကာ ကျပ် ၂ဝဝဝ နှုန်းသို့ လျှော့ချ သတ်မှတ်ထားပြီး ဘုရားဖူးများ လုံခြုံ စိတ်အေးချမ်းသာစွာဖြင့် လိုက်ပါ စီးနင်းနိုင်စေရန် အတွက် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၏ စည်းကမ်းပိုင်းနှင့် ပတ်သက်၍လည်း ကြပ်ကြပ်မတ်မတ် ကိုင်တွယ်သွားမည်ဖြစ်ကြောင်း ကျိုက်ထီးရိုး တောင်တက် မော်တော်ယာဉ်အသင်းမှ ကြားသိရသည်။
“ဒါကို ကျွန်တော်တို့ တောင်တက်မော်တော်ယာဉ် အသင်းနဲ့ ပြည်နယ်အစိုးရ အဖွဲ့တွေ ညှိနှိုင်းပြီး ဆုံးဖြတ် ခဲ့တာပါ။ ဒီနှစ်တောင်ပေါ်မှာ အားလုံးအခြေနေ ပြောင်းနေတဲ့အချိန်မှာ ကျွန်တော်တို့ အသင်းကလဲ ဝန်ဆောင်မှုကို တိုးပြီး လုပ်ပေးတဲ့ သဘောပါ။ နောက်ခန်းအတွက်ဘဲ လျော့တယ်။ ခေါင်းခန်းက အရင် ဈေးနှုန်းအတိုင်း မပြောင်းလဲပါဘူး။ နောက်ဝန်ဆောင်မှုတစ်ခု အနေနဲ့က ကားတွေအားလုံး အမိုးတပ်ထား ပေးပါတယ် ဘုရားဖူး ပြည်သူအားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဘုရားဖူးနိုင်ဖို့ စည်းကမ်းပိုင်းကိုလည်း ပိုပြီး တင်းကြပ်ထားတယ်” ဟု ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်အသင်း ဥက္ကဋ္ဌ ဦးဝိတင်က ပြော ကြားခဲ့သည်။
ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းမှ ရင်ပြင်တော်စခန်းအထိ လိုက်ပါစီးနင်းသူများသည့် တောင်တက် ကား နောက်ခန်း ဈေးနှုန်းကို ယခင်က ကျပ် ၂၅ဝဝ ကောက်ခံရာမှ ယခုနှစ်တွင် ကျပ် ၂ဝဝဝ သို့ လျှော့ချ ကောက်ခံပြီး ကားရှေ့ခန်းဈေးနှုန်း ကျပ် ၃ဝဝဝ၊ ရသေ့တောင်အထိ ရှေ့ခန်းကျပ် ၂၅ဝဝ နှင့် နောက်ခန်း ကျပ် ၁၅ဝဝတို့မှာ ယခင်ဈေးနှုန်းအတိုင်း သတ်မှတ်ထားကြောင်း သိရသည်။
ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၏ စည်းကမ်းပိုင်းနှင့် ပတ်သက်ပြီး သတ်မှတ်ဝတ်စုံများ ဝတ်ဆင်စေကာ တောင်တက်ကားများ၏ ရှေ့သက်ကယ်ဘောင်များတွင် ယာဉ်နံပါတ်၊ ယာဉ်မောင်းအမည်၊ ယာဉ်နောက်လိုက် အမည်များကို ရေးထားမည်ဖြစ်ပြီး အဆင်မပြေခြင်းများရှိပါကတိုင်ကြားရန် ဖုန်းနံပါတ် များကိုတစ်ပါတည်း ရေးထားမည်ဖြစ်ကြောင်း ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၏ အမည်ပါရှိသည့် လည်ဆွဲကဒ်များကိုလည်း ပြုလုပ်ပေးထားကြောင်း ဦးဝိတင်က ဆက်လက် ပြောကြားခဲ့သည်။
ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်အသင်းကို ၁၉၉၃ ခုနှစ် ဇန်နဝါရီလတွင် စတင် တည်ထောင်ခဲ့ပြီး လက်ရှိတွင် တောင်တက်ယာဉ် အစီးရေ ၁၅ဝ ဖြင့် ဘုရားဖူးများအား ပို့ဆောင် ပေးလျှက်ရှိကာ နှစ်စဉ် ပြည်တွင်းပြည်ပ ဘုရားဖူး သိန်း ၂ဝ ဝန်းကျင်ခန့်ရှိကြောင်း သိရှိရသည်။
Credit:သက်ဦး(သထုံ)