1. Home
  2. Myanmar News

ရိုးရိုးလေးဟိုတယ် ကုမ္ပဏီပိုင်ရှင်ကို နိုင်ငံတော်အဆင့် တရားစွဲဆိုသွားမည်

Myanmar News ก.ย. 15, 2559 view 2,199
ကျိုက်ထီးရိုးတောင်ခြေတွင် ဖွင့်လှစ်ထားသော ရိုးရိုးလေး (ဟိုတယ်၊ တည်းခိုခန်း) ရဲ့ ကုမ္ပဏီလုပ်ငန်းပိုင်ရှင် ကို နိုင်ငံတော်အဆင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။
 
စက်တင်ဘာလ ၁၄ ရက်၊ နေပြည်တော်၌ ကျင်းပပြုလုပ်သော လွှတ်တော်သို့ လာရောက်ခဲ့စဉ် ဝန်ကြီး သူရဦးအောင်ကိုက မီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။ 
"သာသနာရေးဌာနကလည်း အမှုတည်ဆောက်လိုက်ပါတယ်။ တည်ဆောက်ပြီးတော့မှ ဒါကို ဘာသာရေးဆိုင်ရာ ဥပဒေတွေအရ နိုင်ငံတော်အဆင့် တရားစွဲပြီးမှ ဥပဒေအတိုင်း အရေးယူဖို့အတွက်ကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို သဘောထားမှတ်ချက် တောင်းတဲ့အခါမှာ အခုမရသေးလို့ ဆိုင်းငံ့ထားတာ ဖြစ်ပါတယ်။ ဒါရလာရင် ဥပဒေနဲအညီ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ဆိုသည်။
 
ကျိုက်ထီးရိုး တောင်ပေါ်တွင် ဟိုတယ် ဆောက်လုပ်ပါက အမြင့်ပေ ၃၀ သာ သတ်မှတ်ထားသော်လည်း ရိုးရိုးလေး ကုမ္ပဏီအနေဖြင့် အမြင့်ပေ ၅၀ ခန့်အထိ ဆောက်လုပ်ခဲ့ကြောင်း၊ ယင်းအပိုထပ်ဆောင်း ဆောက်လုပ်မှုများသည် အလွယ်တကူ ဖြုတ်တပ်နိုင်သည့် အနေအထားရှိ သည်ဟုပင် ကြားသိရကြောင်းကို ရှင်းပြသည်။
 
"ကျိုက်ထီးရိုး တောင်တော်ကြီးကလည်း ဘူမိဖွဲ့စည်းပုံအရ မြေသားက သက်ရင့်နဲ့ သက်နုရောနေပါတယ်။ သဲဆန်တဲ့ မြေလွှာတွေကို များပါတယ်။သုံးထပ် ထက်ပိုပြီး လေးထပ်၊ငါးထပ် ဆောက်မယ်ဆိုရင် မိုင်သုံးဆယ် လေးဆယ်လောက် လေပြင်းတိုက်ခတ်ရင်ကိုပဲ ခရီးသည်တွေ အပြည့် တည်းခိုမယ်ဆိုရင်ပဲ အန္တရာယ်ရှိပါတယ်။ ငလျင်လှုပ်မယ်ဆိုရင်တော့ ဆိုဖွယ်ရာ မရှိပါဘူး။ ဒါကြောင့် ဟိုတယ်/ခရီး ဝန်ကြီးဌာနကလည်း ပေသုံးဆယ်ပဲ ခွင့်ပြုထားပါတယ်။ သို့သော်လည်း ရိုးရိုးလေးကုမ္ပဏီက လေးထပ်၊ငါးထပ်အထိ ဆောက်ပြီးတော့ အမြင့်ပေ လေးဆယ်ကျော် ငါးဆယ်ကျော်တွေ ဆောက်လုပ်ထားပါတယ်" ဟု ရှင်းပြသည်။
 
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဝန်ကြီး သူရဦးအောင်ကိုက 
ရိုးရိုးလေးကုမ္ပဏီ ဆိုတာလည်း ကိုယ့်နိုင်ငံသားပါပဲ။ ကိုယ့်တိုင်းရင်းသားပါပဲ။ နိုင်ငံခြားသား မဟုတ်ပါဘူး။ မထိခိုက် မနစ်နာစေချင်ပါဘူး။သို့သော် အခု ဒီလိုလုပ်ရတာသည် တရားဥပဒေ စိုးမိုးစေချင်လို့ လုပ်ရတာဖြစ်ပါ တယ်။ ငွေကြေး လာဘ်လာဘပေးရင် ဘယ်အဖွဲ့အစည်းမဆို လုပ်လို့ရတယ်ဆိုတဲ့ သဘောမျိုးက ကျိုက်ထီးရိုးမှာ သက် ရောက်နေတဲ့ အနေအထားမျိုး ရောက်နေပါတယ်
ဟု ထပ်လောင်းပြောကြားသည်။
 
ရိုးရိုးလေး တည်းခိုခန်း။ ဟိုတယ်တွင် ခွင့်ပြုချက်မဲ့ အခန်း ၁၀၆ ခန်း ပိုမို ဆောက်လုပ်ထားခြင်းကြောင့် ဖျက်သိမ်းရန် ဇူလိုင်လက ပထမတစ်ကြိမ် ညွန်ကြားခဲ့ပြီး ဖြစ်သည်။ 
 
Source: TheVoice
 
>>ပြတ်ပြတ်သားသား ဆုံးဖြတ်ဆောင်ရွက်ရန် လိုအပ်နေသည့် ရိုးရိုးလေးဟိုတယ်ကိစ္စ<<


Follow us on