1. Home
  2. Myanmar News

ရဲဘော် ၆ ကျိပ် ရွေးချယ်ခြင်း

Myanmar News มิ.ย. 20, 2559 view 2,109

နိုင်ငံနေရာ အနှံအပြားတွင် တိုက်ပွဲများ အကြိမ်ကြိမ်ဖြစ်နေချိန်တွင် ဦးအောင်ဇေယျသည် မုဆိုးဘိုမြို့ကို ကာကွယ်ရန် ရဲဘော် ၆ကျိပ်(အမှန် ၆၈ ) ကို ဖွဲ့စည်းခဲ့သည်။ ထိုသို့ ဖွဲ့စည်းရခြင်းမှာမင်းတရားရွှေထီးလက်ထက်က မြင်းရည်တက် သူရဲကောင်း ၂၈ ယောက်ကို ဖွဲ့စည်းခဲ့သည့် အတိုင်း ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ တပင်ရွှေထီးလက်ထက်က သူရဲကောင်းရွေးချယ်ပွဲတွင် လက်ဖျားထိပ်ကို အပ်နှင့်ထိုးသည်။ ရိုးရိုးထိုးသည် မဟုတ် တူနှင့် ရိုက်သွင်းခြင်း ဖြစ်ပြီး ထိုသို့ရွေးချယ်ရာတွင် မအော်ရ ၊ မငိုရ ၊ မျက်နှာမပျက်ရ။ထိုသူကိုသာ သူရဲကောင်း အဖြစ်ရွေးချယ်ခဲ့သည်။ ဦးအောင်ဇေယျ၏ ရွေးချယ်ပွဲကား တပင်ရွှေထီး သူရဲကောင်းရွေးပုံ နှင့် မတူ။ ရွေးနည်းမှာ လူ၏ ရင်ဝသို့ချိန်သည့် လှံချွန်ကို တစ်ဦးက ကိုင်ထားရသည်။

သူရဲကောင်းဖြစ်လိုသူက ထိုလှံချွန်ရှိရာသို့ ရင်ကော့ကာ ပြေးဝင်ရသည်။ ကြောက်ရွှံ့သော အမူအရာလုံးဝ မရှိစေရ။ လှံသွားဆီသို့ သူရဲကောင်းဖြစ်လိုသူက အသက်စွန့်ကာ အတင်းတိုးဝင်ရသော်လည်း ကျွမ်းကျင်သူက အနီးရောက်သောအခါ လှံဖျားကို ဖယ်ရှားရသည်။ သို့သော် အခက်မသင့်လျှင် အသက်ဆုံးရှုံးနိုင်သည်။ ထို ရဲဘော် ၆ ကျိပ်အစွမ်းဖြင့် ဦးအောင်ဇေယျသည် တိုက်ပွဲတိုင်းလိုလိုကို အောင်မြင်အောင် တိုက်နိုင်ခဲ့သည်။ အင်းဝမြို့ကို ပြန်လည်သိမ်းပိုက်ပြီးသည့် အချိန်တွင် ရဲဘော် ၆ကျိပ်ဝင် ၁၃ဦး ကျဆုံးခဲ့ပြီဖြစ်သည်။ ကျန်ရှိသူများအနက်မှ အစွမ်းပြမှုများကြောင့် ထိပ်ဆုံးရောက်လာသူများမှာ

၁။ ဦးကောင်း – သေနတ်ဝန်

၂။ ဦးတွန် – မုဆိုးချုံဗိုလ်

၃။ ဦးသာ – မဟာသီဟသူရ

၎။ ဦးနှောင်း – မဟာစည်သူ

၅။ ဦးလွင် – ဗလမင်းထင် တို့ဖြစ်သည်။ သေနတ်ဝန် ဦးကောင်းသည် မဟာသေနာပတိအဖြစ် အမြင့်ဆုံးမြှောက်စားခံရသူဖြစ်ပြီး သံလျင်တိုက်ပွဲတွင် ကျဆုံးခဲ့သည်။ ဦးတွန် ခေါ် မင်းခေါင်နော်ရထာကား ယိုးဒယားသို့ ချီတက်ရာတွင် အလောင်းမင်းတရား၏ ညာလက်ရုံးပင်။ ဦးသာ ကား ဆင်ဖြူရှင်မင်းလက်ထက်တွင် ဗိုလ်ချုပ်မဟာသီဟာသူရ ဘွဲ့ဖြင့် တရုတ်စစ်ပွဲများကို အကြိမ်ကြိမ် ဦးစီးပြီး နိုင်အောင် တိုက်နိုင်ခဲ့သူ ဖြစ်သည်။ ဦးနှောင်း ခေါ် ဝန်ကြီးမဟာစည်သူ သည်လည်း တိုက်ပွဲတိုင်းတွင် လက်ရုံးရည် နှလုံးရည်နှင့် ပြည့်စုံကာ ဦးဆောင်တိုက်ခိုက်နိုင်သည်။ စိတ်တည်ငြိမ်လွန်းသူ အဖြစ်နာမည်ကြီးသည်။ ဗလမင်းထင် မူကား များပြားလှသော တရုတ်တပ်များ အကြိမ်ကြိမ်ဝန်းရံတိုက်ခိုက်သော်လည်း မရခဲ့သော ကောင်းတုံခံတပ်၏မြို့ဝန်ဖြစ်မှန်း အားလုံးသိပြီး ဖြစ်ပေလိမ့်မည်။

Ref; ကုန်းဘောင်ရှာပုံတော် – ညိုမြ မြန်မာ့စွယ်စုံကျမ်း

Source & Photo : Ayesay.com.mm

Credit : mayoneyinponepyinmat/



Follow us on