1. Home
  2. Myanmar News

အန်းကုံးရုပ်တုနှင့် ရွှေတုံး ၁၃၀ တုံး သယ်ဆောင်လာသည့် တရုတ်နိုင်ငံသား တစ်ဦးကို မန္တလေး တံတားဦးလေဆိပ်တွင် စစ်ဆေးတွေ့ရှိ

Myanmar News พ.ค. 24, 2559 view 1,943

တရုတ်နိုင်ငံသား တစ်ဦးက အတုဟုယူ ဆရသော ရွှေတုံး ၁၃၀ တုံးနှင့်တရုတ်ရိုးရာ အန်းကုံးရုပ်များ သယ်ဆောင်လာသည်ကို မေ၂၂ ရက်မွန်းလွဲ တစ်နာရီက မန္တလေးတံတားဦး လေဆိပ်၌ စစ်ဆေးတွေ့ရှိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မေ၂၂ ရက်မွန်းလွဲ ၁ နာရီက ဆိုက်ရောက်လာသည့် China Eastern Airlines မှ လေယာဉ်အမှတ် B-737 လေယာဉ်ဖြင့် လိုက်ပါလာသော တရုတ်နိုင်ငံသား Mr.Lu Xingan ၏ ခရီးဆောင်အိတ်အား X Ray ဖြတ်သန်းစစ်ဆေးစဉ် ရွှေအတုဟု ယူဆရသော (အလေးချိန် ၁၄ ကီလိုဂရမ်) အ၀ါရောင် တရုတ်ရိုးရာ ရွှေတုံး ၁၃၀ တုံးနှင့် တရုတ်ရိုးရာ အန်းကုံးရုပ်တုရှစ်ခု (အလေးချိန် လေးကီလိုဂရမ်) တို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

"တရုတ်မှာက ဘာပစ္စည်းနေနေ အတုပဲသုံးတာ ထုံးစံလို ဖြစ်နေပြီ။ အခုတွေ့ရှိတဲ့ ရွှေအတုတွေနဲ့ ပတ်သက်ပြီးလည်း သူတို့ရိုးရာ ရုပ်တုလုပ်ဖို့လို့ ပြောပါတယ်။ သူ့ရဲ့ရည်ရွယ်ချက် အမှန်ကိုတော့ မသိရဘူးပေါ့။ ရန်ကုန်မှာမိတဲ့ ရွှေအတုလုပ်တဲ့ တရုတ်တွေက ပြစ်မှုကျူးလွန်ပြီး ဖြစ်သလို နစ်နာသူတွေကလည်း တိုင်တန်းတယ်။ ဒါကြောင့် အမှုဖွင့် တရားစွဲဆိုတာပါ။ အခုအခြေအနေက သယ်လာတာကို လေဆိပ်မှာ အရင်မိလိုက်တော့ ကြိုတင်ကာကွယ်နိုင် တဲ့သဘောပေါ့။ ဒီပစ္စည်းတွေကို မြန်မာပြည်က ပြန်အထွက်မှပဲပေးဖို့ လေဆိပ် အကောက်ခွန်မှူးက သိမ်းဆည်းထားပါတယ်။

တရုတ်နိုင်ငံသားရဲ့ အသွားအလာကိုတော့ သက်ဆိုင်ရာ လေဆိပ်ရဲကတစ်ဆင့် စောင့်ကြည့်မှုတွေ ပြုလုပ်မှာပေါ့" ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးခင်မောင်သင်းက ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီးတွင်လည်း ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်းက တရုတ်နိုင်ငံသား သုံးဦးက ရွှေတုံးအတု ရောင်းချမှု ဖြစ်ပွားခဲ့ပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

Credit : news-eleven.com/



Follow us on