1. Home
  2. Myanmar News

နှစ်စဉ်ကျင်းပမြဲ ရွှေတောင်မြို့နယ်၊ ရွှေနတ်တောင် ဘုရားပွဲတော်သို့ နွားလှည်းယာဉ်များ ထောင်နှင့်ချီ လာရောက်ဆင်နွှဲ

Myanmar News มี.ค. 24, 2559 view 2,071

နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မြေလတ်လှည်းဝိုင်းပွဲဟု နာမည်ကြီးလှသည့် ပဲခူးတိုင်း အနောက်ပိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရွှေနတ်တောင် ဘုရားပွဲတော်သို့ နွားလှည်းယာဉ်ထောင်ချီ လာရောက်ဆင်နွဲ့ခဲ့ကြကြောင်း သတင်းရရှိသည်။အဆိုပါ ဘုရားပွဲတော်ကို တပေါင်းလဆန်း ၈ရက်မှ လပြည့်နေ့အထိ ကျင်းပလျက်ရှိပြီး နှစ်ပေါင်းများစွာမှ အစဉ်အလာ တစ်ခုဖြစ်သည့် အနီးနားကျေးရွာပေါင်းများစွာမှ နွားလှည်းများဖြင့် လာရောက် လည်ပတ်သည့် ရိုးရာဓလေ့မှာ ကွယ်ပျောက်ခြင်း မရှိသေးဘဲ ယခုနှစ်တိုင်အောင်ပင် လှည်းအစီးရေ ထောင်ချီကာ လာရောက် ဆင်နွှဲနေခြင်း ဖြစ်သည်။ “လာတာကတော့ အနီးနားမှာရှိတဲ့ ရွာတွေအားလုံး လိုလိုကကို လာကြတာပဲ။ တချို့က လေးငါးရက်နေတယ်။ တချို့ကတော့ ရက်ကြီးနှစ်ရက်လောက်ပဲ နေကြတယ်။ တစ်ရွာတစ်ရွာကို လာကြရင် လှည်းအစီးတစ်ရာ တစ်ပတ်လည်လောက်ကို လာကြတာ။ ကျွန်တော်တို့ရွာကလည်း အစီးနှစ်ရာနီးပါး ရှိတယ်။ 

လာရတာကလည်း နံနက်ခင်းထွက်ရင် ဒီကိုညနေလောက်မှရောက်တာ စိုက်ပျိုးရေးသုံး ပစ္စည်းတွေနဲ့ မီးဖိုချောင် ပစ္စည်းလေးတွေ လူအသုံးဆောင်လေးတွေ ၀ယ်ပြီး ပြန်ကြတာပဲ။ ဒီအချိန်ရောက်ရင် ကလေးတွေကလည်း တရွရွဖြစ်နေတာ လိုက်ပို့ဖို့ ပူဆာကြတယ်လေ” ဟု လေးမိုင်ခန့်ခရီးမှ လာရောက် လည်ပတ်သည့် လှည်းဝိုင်းတစ်ခုဖြစ်သည့် သရက်သုံးပင် ကျေးရွာသား တစ်ဦးက ဆိုသည်။ရွှေနတ်တောင် ဘုရားဗုဒ္ဓပူဇနိယ ပွဲတော်မှာ ယခုနှစ်တွင် ၁၇၈ ကြိမ်မြောက် ရှိသွားပြီဖြစ်ကာ စေတီတော်၏ မြောက်ဘက်စောင်းတန်းမှစ၍ မယားမာန်ကျေးရွာ အရှေ့ဘက် လယ်ကွင်းများအထိ ဆောက်လုပ်ထားသော ဆိုင်ခန်း ၇၀၀ ခန့်အတွင်း လယ်ယာသွင်းအားစု ပစ္စည်းကရိယာများ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ အ၀တ်အထည်၊ အလှကုန်မှအစ ကလေးကစားစရာ အစားအသောက်ဆိုင်များဖြင့် ပြည့်နှက်နေပြီး နွားအလှပြိုင်ပွဲကို ပြန်လည် ထည့်သွင်း ကျင်းပလာသည်မှာလည်း နှစ်နှစ်ရှိပြီဖြစ်ကာ လှည်းဝိုင်းများမှာ အနီးနားလယ်ကွက်၊ ဘုန်းကြီးကျောင်းများကြားတွင် နေထိုင်ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဘုရားပွဲတော်များအနက် လှည်းယာဉ်များဖြင့် လာရောက် လည်ပတ်လေ့ရှိသည့် ပွဲတော်များအနက် လှည်းယာဉ်အများဆုံး လာရောက် လည်ပတ်သည့် ပွဲတော်တစ်ခုလည်းဖြစ်ကာ အနီးနားကျေးရွာပေါင်း ၃၂ ရွာခန့်မှ လှည်းယာဉ်များ လာရောက်ဆင်နွှဲကြောင်း သိရသည်။

http://news-eleven.com/



Follow us on