ကိုယ်ခန္ဓာထဲမှ ရေဓါတ်များ ဆုံးရှုံးမှု များသည့်အခါ တနည်းအားဖြင့် သောက်သုံးသော ရေပမာဏထက် ဆုံးရှုံးသည့် ပမာဏက ပိုများသည့် အခါမျိုးမှာ ရေဓါတ်ခမ်းခြောက်ခြင်း ဖြစ်ပေါ်တတ်ပါသည်။ ထိုအခြေအနေမျိုးတွင် ခန္ဓာကိုယ်၏ ပုံမှန် လုပ်ငန်းဆောင်တာများ မလုပ်ဆောင်နိုင်ဘဲ ဖြစ်နေတတ်သဖြင့် ရေဓါတ်အမြန် ပြန်လည် ဖြည့်တင်းပေးရန် လိုအပ်သည်။
လက္ခဏာများ
ရေဓါတ်ခမ်းခြောက်ခြင်း အသင့်အတင့် ဖြစ်လျှင် တွေ့ရှိနိုင်သော လက္ခဏာများမှာ...
- ပါးစပ်၊ အာခေါင်ခြောက်ခြင်း
- ပင်ပန်းခြင်း၊ အိပ်ချင်မူးတူးဖြစ်ခြင်း (ကလေးများတွင် ပုံမှန်ထက် ငြိမ်သက်နေတတ်ခြင်း)
- ရေဆာလောင်ခြင်း
- ဆီးသွားနည်းခြင်း (ကလေးများတွင် ၃ နာရီခန့်ကြာသည့်တိုင် ဆီးမသွားခြင်း)
- ကလေးငိုလျှင် (မျက်ရည်မထွက်ခြင်း)
- အရေပြားများ ခြောက်သွေ့နေခြင်း
- ခေါင်းကိုက်ခြင်း
- ဝမ်းချုပ်ခြင်း
- မူးဝေခြင်း စသည်တို့ ဖြစ်သည်။
ရေဓါတ်ခမ်းခြောက်ခြင်း များလျှင် တွေ့ရှိနိုင်သော လက္ခဏာများမှာ...
- ရေ အလွန်အမင်း ဆာခြင်း
- အာခေါင်၊ အရေပြားများ ခြောက်ခြင်း
- ဆီးလုံးဝမထွက် (သို့) မထွက်သလောက်နီးပါး နည်းခြင်း
- မျက်လုံးဘေးများ ချိုင့်ဝင်ခြင်း
- အရေပြား၏ ကျုံ့နိုင်ဆန့်နိုင်မှု (Elasticity) မရှိတော့ခြင်း
- သွေးပေါင်ကျခြင်း
- နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းများ မြန်ဆန်လာခြင်း
- ဖျားခြင်း
- တွေဝေမိန်းမောခြင်း၊ သတိလစ်ခြင်း စသည်တို့အထိ ဖြစ်ပေါ်နိုင်သည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
- ဝမ်းလျှော ဝမ်းပျက်ခြင်း
- အန်ခြင်း
- အပူကြီးခြင်း (ဖျားခြင်း)- ဖျားသည့်အချိန်တွင် ရေဓါတ်ဆုံးရှုံးမှု ပိုများသည်။ အပူကြီးလေ ဆုံးရှုံးမှု ပိုများလေဖြစ်သည်။
- ချွေးထွက်များခြင်း
- ဆီးသွား များခြင်း
နောက်ဆက်တွဲ ပြဿနာများ
ရေဓါတ်ခမ်းခြောက်ခြင်း ကြောင့် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲ ပြဿနာများမှာ...
- Heat injury - ရေဓါတ်ခမ်းခြောက်ခြင်း ဖြစ်လျှင် လူ၏ ကိုယ်ခန္ဓာတွင် အပူကြောင့် ဖြစ်သော ဒဏ်ကို ခံစားရနိုင်ပြီး ၎င်းကို Heat Injury ဟုခေါ်သည်။ ရေဓါတ်ခန်းခြောက်ခြင်း များလျှင် Heat Injury မှ Heat Stroke ခေါ် အပူဒဏ်ကြောင့် လေဖြတ်ခြင်း ဖြစ်ပေါ်နိုင်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်ပေါ်နိုင်သည်။
- ဦးနှောက် ရောင်ရမ်းခြင်း (cerebral edema) - ရေဓါတ်ခန်းခြောက်ခြင်းကြောင့် ကိုယ်ခန္ဓာ ဆဲလ်များအတွင်း ရေပြန်ဆွဲရာမှ ဦးနှောက်ရောင်ရမ်းခြင်း ဖြစ်ပေါ်နိုင်သည်။
- တက်ခြင်း (Seizure) - ရေဓါတ်ခန်းခြောက်ခြင်း နှင့်အတူ ဓါတ်ဆားဓါတ်များ ကမောက်ကမ ဖြစ်ခြင်းကြောင့် တက်ခြင်းလည်း ဖြစ်ပေါ်နိုင်သည်။
- သွေးပေါင်ကျခြင်း (hypovolemic shock) - အရေးကြီးသော နောက်ဆက်တွဲ ပြဿနာဖြစ်သည်။ အသက်အန္တရာယ်ရှိသဖြင့် ကုသမှု အမြန်ပေးရန် လိုအပ်သော အခြေအနေလည်း ဖြစ်သည်။
- ကျောက်ကပ် အလုပ်မလုပ်တော့ခြင်း (Kidney failure)
- Coma မေ့မျောခြင်း
- အသက်ဆုံးရှုံးခြင်း
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
ရေဓါတ်ခမ်းခြောက်ခြင်း အသင့်အတင့် ဖြစ်လျှင် မိမိဘာသာ ရေဓါတ်ပြန်လည်ဖြည့်တင်းပေးခြင်း ဖြင့် သက်သာစေနိုင်သော်လည်း ရေဓါတ်ခမ်းခြောက်လွန်းခြင်း၏ လက္ခဏာများ ဖြစ်သော ဆီးမထွက်ခြင်း၊ မူးဝေခြင်း၊ မိန်းမောခြင်းများ ရှိခဲ့လျှင်မူ ဆေးရုံဆေးခန်းသို့ အမြန်သွားရောက်ရမည် ဖြစ်သည်။
စစ်ဆေးမှုများ
- ရေဓါတ်ခန်းခြောက်ခြင်း၏ လက္ခဏာများ ရှိမရှိ စစ်ဆေးခြင်း
- ဆီးစစ်ဆေးခြင်း
- သွေးတွင်း ဓါတ်ဆားဓါတ်များ စစ်ဆေးခြင်း
ကုသခြင်း
ရေဓါတ်ခမ်းခြောက်ခြင်း အတွက် အဓိက ကုထုံးမှာ ဆုံးရှုံးသွားသော ရေပမာဏကို ပြန်လည် ဖြည့်တင်းပေးခြင်းပင် ဖြစ်သည်။
- ဓါတ်ဆားရေ တိုက်ကျွေးခြင်း
- ရေများများ တိုက်ခြင်း
- သွေးကြောတွင်း ဆေးသွင်းကုသခြင်း စသည်ဖြင့် လူနာ၏ အသက်၊ ရေဓါတ်ခန်းခြောက်ခြင်း အနည်း အများပေါ် မူတည်၍ ကုသမှု ကွဲပြားသည်။
ကာကွယ်ခြင်း
- လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်ပြုလုပ်ပြီးတိုင်း ရေများများ ပြန်သောက်ပေးရန် လိုအပ်သည်။
- ရာသီဥတု ပူလျှင်၊ ဖျားနာလျှင်၊ ဝမ်းလျှောဝမ်းပျက်လျှင်၊ အန်လျှင် ရေဓါတ်ကို အလုံအလောက် ပြန်လည် ဖြည့်တင်းပေးရန် လိုအပ်သည်။
Credit:
comment