1. Home
  2. International News

ပျက်ကျသွားတဲ့ အင်ဒိုလေယာဉ် ပျံသန်းမှုမှတ်တမ်းတင် Black Box ကို မကြာခင် ဆယ်ယူနိုင်တော့မည်

International News ม.ค. 11, 2564 view 1,710

အင်ဒိုနီးရှားနိုင်ငံမှာ စနေနေ့က ပင်လယ်ထဲ ပျက်ကျခဲ့တဲ့ ခရီးသည်တင်လေယာဉ်ရဲ့ အချက်အလက် သိမ်းဆည်းတဲ့မှတ်တမ်း Black Box စက်တွေ တည်ရှိတဲ့နေရာကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အင်ဒိုနီးရှား အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။ စနေနေ့က မြို့တော် ဂျကာတာကနေ ထွက်ခွာပြီး မကြာခင် ပင်လယ်အတွင်း ပျက်ကျခဲ့တဲ့ Sriwijaya လေကြောင်းလိုင်းရဲ့ SJ 182 ခရီးသည်တင်လေယာဉ်ရဲ့ Black Box နှစ်လုံး တည်ရှိတဲ့နေရာကို ရှာတွေ့ခဲ့တာနဲ့ ပတ်သက်လို့ အင်ဒိုနီးရှားစစ်တပ် အကြီးအကဲ Hadi Tjahjanto က အခုလို ပြောကြားခဲ့ပါတယ်။

“Black Box ကနေ signal အချက်ပြချက်နှစ်ချက် ထုတ်လွှင့်ခဲ့ပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ စဉ်ဆက်မပြတ် စောင့်ကြည့်နိုင်ပြီး အဲဒီစက် ဘယ်နေရာမှာ ရှိနေတယ်ဆိုတာ အတိအကျ မှတ်သားနိုင်မှာဖြစ်ပါတယ်။ မကြာခင် အဲဒီစက်တွေကို ပြန်လည်ရယူနိုင်ပြီး လေယာဉ်ပျက်ကျတဲ့ အကြောင်းရင်းကို သိနိုင်ဖို့ နိုင်ငံပို့ဆောင်ရေး လုံခြုံရေးကော်မတီကို ပို့နိုင်မယ်လို့ မျှော်လင့်ပါတယ်။” ဒါပေမယ့် ဘယ်အချိန်မှာ ဆယ်ယူရရှိမလဲ ဆိုတာကိုတော့ သူက အတိအကျ ပြောမသွားပါဘူး။

အနောက်ဘက် Kalimantan ပြည်နယ်က Pontianak ကို ပြည်တွင်းလေကြောင်းခရီးစဉ်အဖြစ် ခရီးသည် ၆၂ ဦးနဲ့ လေယာဉ်အမှုထမ်းတွေ ပါတဲ့ Boeing 737-500 ဂျက်လေယာဉ် အမျိုးအစားဟာ ဂျကာတာလေဆိပ်ကနေ ထွက်ခွာပြီး လေးမိနစ်အကြာမှာ ရေဒါဖန်သားပြင်ကနေ ပျောက်ကွယ်သွားတာပါ။ ရှာဖွေရေးလုပ်ငန်းတွေကို ညပိုင်းအထိ ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ပေမယ့် သင်္ဘောတွေကနေ သမုဒ္ဒရာကြမ်းပြင်ထိ စက်ကိရိယာတွေနဲ့ စမ်းသပ်ရှာဖွေတဲ့ နေရာမှာတော့ အကန့်အသတ်တွေ ရှိမှာဖြစ်ကြောင်း ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ်က ခရီးသည် ၁၈၉ ဦးနဲ့ လေယာဉ်အမှုထမ်းတွေ လိုက်ပါလာတဲ့ Lion လေကြောင်းလိုင်းရဲ့ Boeing 737 Max လေယာဉ်ဟာ Soekarno-Hatta နိုင်ငံတကာလေဆိပ်ကနေ ထွက်ခွာပြီး မကြာခင် ဂျာဗားပင်လယ်ထဲ ပျက်ကျခဲ့တဲ့ ကြီးမားလှတဲ့ လေယာဉ်ပျက်ကျမှု အဖြစ်အပျက်နောက်ပိုင်း ဒီတကြိမ်ဟာ အဆိုးရွားဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

Source : VOA



Follow us on