1. Home
  2. International News

အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုခံယူပြီးသူများအနက် ခြောက်ဦးသာလျှင် ကာကွယ်ဆေးနှင့်ဓာတ်မတည့်သည့်လက္ခဏာများ တွေ့ရှိ

International News ธ.ค. 21, 2563 view 1,628

အမေရိကန်နိုင်ငံအတွင်း နိုင်ငံတစ်ဝန်း၌ Pfizer နှင့် BioNTech တို့ ပူးပေါင်း ထုတ်လုပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဒီဇင်ဘာ ၁၄ ရက်မှစပြီး ထိုးနှံလျက်ရှိရာ ကာကွယ်ဆေးထိုးနှံမှု ခံယူပြီးသူများအနက် ခြောက်ဦးသာလျှင် ကာကွယ်ဆေးနှင့် ဓာတ်မတည့်သည့် လက္ခဏာများ တွေ့ရှိရကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာက ပြောကြားခဲ့သည်။ ကာကွယ်ဆေးစတင်ထိုးနှံသည့်ရက်မှစပြီး ဒီဇင်ဘာ ၁၉ ရက်အတွင်း ပြည်သူ ၂၇၀၀၀၀ ကျော်ကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်သည်။

၎င်းတို့အနက် ခြောက်ဦးသာလျှင် ကာကွယ်ဆေးနှင့် ဓာတ်မတည့်သည့်လက္ခဏာများ ထွက်ပေါ်လာခဲ့ကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာအဖွဲ့ဝင်များက ဆိုသည်။ အဆိုပါခြောက်ဦးအနက် တစ်ဦးမှာ ယခင်ကတည်းက ကာကွယ်ဆေးများနှင့် ဓာတ်မတည့်သူဖြစ်ပြီး ကျန်ငါးဦး မှာ ကိုယ်ခန္ဓာယားယံခြင်းများအပါအဝင် ဓာတ်မတည့် သည့်လက္ခဏာများကို ယခင်က ခံစားရဖူးခြင်းမရှိကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ အဖွဲ့က ဆိုသည်။ အမေရိကန်နိုင်ငံ၌ Moderna ဆေးဝါးကုမ္ပဏီမှ ထုတ်လုပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး နောက်ထပ် တစ်မျိုးကို အရေးပေါ်သုံးစွဲခွင့်ပြုထားပြီး အဆိုပါ ကာကွယ်ဆေးကို အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများ အား ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား- အင်န်အိတ်ချ်ကေ၊

ဘာသာပြန်- အောင်ကျော်ကျော် The Mirror



Follow us on