1. Home
  2. Health Fix

ဝိတ်ပဲလျှော့ပါ၊ အစားမလျှော့ပါနဲ့

Health Fix ธ.ค. 09, 2563 view 1,629
ဝိတ်ချတော့မယ်ဟေ့လို့ စိတ်ကူးလိုက်တာနဲ့ လူ ၁၀၀ မှာ ၉၀ လောက် အရင်ဆုံး တွေးမိတတ်တာက အစားလျှော့စားမယ်ဆိုတဲ့ အတွေးပါပဲ။ အစာမစားရင် ကိုယ်အလေးချိန် လျှော့ကျစေနိုင်တယ်ဆိုတာက မှန်သင့်သလောက်တော့ မှန်ပါတယ်။
 
ဒါပေမယ့် အစားလျှော့ပြီး ဝိတ်ချတယ်ဆိုတာကို ကိုယ့်ကိုယ်ကို နှိပ်စက်နေတာများလား? သင့်တော်တဲ့ အစားအစာတွေကို မစားသောက်ပဲ ကိုယ့်ကိုယ်ကို ပိတ်ပင်တားဆီးနေတာဟာ ကျန်းမာရေးနဲ့ ညီညွတ်မှာမဟုတ်ပါဘူး။ တကယ်တော့ ကိုယ်အလေးချိန် လျှော့ချနိုင်တဲ့ နည်းလမ်းတွက အများကြီးပါ။ အစားလျှော့စားတာက ထိရောက်ကောင်းထိရောက်နိုင်ပေမယ့် ရေရှည်အသုံးတည့်တဲ့ နည်းလမ်းမျိုးတော့ မဟုတ်ပါဘူး။
 
အစားအသောက်ကို လျှော့ချပြီး ဝိတ်အလွန်အကျွံချတာဟာ အဝလွန်နေတာထက် ကျန်းမာရေးကို ပိုထိခိုက်စေနိုင်ပါတယ်။ ကယ်လိုရီ မှီဝဲမှုကို လျှော့ချဖို့ အစားအသောက်တွေကို ခွဲခြားရွေးချယ်စားသောက်နေတာကြောင့် လိုအပ်တဲ့ အဟာရဓာတ်တွေကို ပြည့်ဝအောင် မဖြည့်ဆည်းနိုင်ဘူးဆိုရင် အစာအိမ်နဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကိုသာမက စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
 
ဒါကြောင့်လည်း အစားအသောက်ကို အာဟာရမျှတစွာမစားပဲ ဝိတ်ချမယ်ဆိုရင် ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပြောပြပေးချင်ပါတယ်။
 
အစာချေစနစ်ကို ရှုပ်ထွေးစေမယ်အစားအသောက်ကို လျှော့ချပြီး ဝိတ်ချတဲ့အခါမှာ အစာအိမ်တွင်းက အစာချေစနစ်ဟာ ထိခိုက်ရပါတယ်။ အထူးသဖြင့် ခန္ဓာကိုယ်က လိုအပ်တဲ့ အနည်းဆုံး စွမ်းအင်ပမာဏကိုမရရှိတဲ့အခါ ကိုယ်တွင်းဇီဝဖြစ်ပျက်မှုတွေဟာ ရှုပ်ထွေးကုန်တတ်ပါတယ်။ လိုအပ်တဲ့ အဟာရဓာတ်မျိုးကို ပြည့်ဝစွာရရှိအောင် စားသောက်ဖို့သင့်ပါတယ်။
 
အစာအိမ်ကျန်းမာရေးအတွက် အိပ်မက်ဆိုးပါလူတိုင်းဟာ အလုပ်တွေများနေချိန် ပင်ပန်းနေချိန်တွေမှာ ကိုယ်အလေးချိန်ကျ ဆင်းသွားတတ်ပြီး Weekend လို စားသောက်ပျော်ပါးဖြစ်တဲ့အချိန်မျိုးတွေမှာ ကိုယ်အလေးချိန် ပြန်တိုးလာတတ်ပါတယ်။ ဒါကိုမှ အစာစားတဲ့ ပုံစံကို ပြောင်းလဲပြီး ဝိတ်လျှော့ဖို့ အတင်းအကျပ်ကြိုးပမ်းတဲ့အခါမှာ သွေးဖိအား၊ သွေးတွင်းသကြားပမာဏ၊ ကိုလက်စထရောတို့သာမက အစာအိမ်အတွင်းက အနုဇီဝပိုးမွှားတွေအထိပါ သက်ရောက်လေ့ရှိပါတယ်။ ဒါဟာ အစာအိမ်နဲ့ သက်ဆိုင်တဲ့ ရောဂါတွေဖြစ်စေဖို့ လမ်းစဖြစ်ပါတယ်။
 
ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ကောင်းတဲ့အဆီဓာတ်တွေ လုံလုံလောက်လောက် မရတော့ဘူး – ဝိတ်ချကြတယ်ဆိုတာဟာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆီတွေကို လျှော့ချဖို့ဖြစ်ပါတယ်။ ခန္ဓကိုယ်အတွင်းမှာရှိတဲ့ အဆီတွေဟာ အားလုံး ညီတူမျှတူ ပိုလျှံနေကြတာမဟုတ်ပါဘူး။ အရေပြားအောက်မှာ အဆီရှိသလို အူ၊ အစာအိမ်တို့လို့ အစိတ်အပိုင်းတွေရဲ့ အတွင်းထဲမှာလည်း အဆီတွေရှိနေပါတယ်။ Visceral Fat လို့ခေါ်တဲ့ အဲဒီအဆီတွေဟာ အစာချက်ဖို့အတွက် အဓိကအရာတွေဖြစ်ပြီးတော့ ကိုယ်တွင်း ဟိုမုန်းတွေ ထုတ်လုပ်ပေးဖို့သာမက ခန္ဓာကိုယ်ယောင်ယမ်းမှုတွေ၊ သွေးတိုးနဲ့ နှလုံးရောဂါတွေမဖြစ်အောင် ကူညီပေးနေတဲ့ အရာတွေဖြစ်ပါတယ်။
 
စိတ်ကျန်းမာရေးကိုလည်း ထိခိုက်နိုင်တယ်အစားလျှော့တယ်ဆိုတာ သက်သောင့်သက်သာ ကိစ္စတော့မဟုတ်ပါဘူး။ စားချင်တာကို မစားဖြစ်အောင် ထိမ်းချုပ်ပြီးနေရတဲ့ ပြင်းထန်တဲ့ ကျင့်စဉ်တစ်ခုလို့တောင်ဆိုလို့ရပါတယ်။ ဒီအတွက် စိတ်ဖိစီးမှုတွေဖြစ်ပေါ်လာနိုင်သလို Serotonin ထုတ်လုပ်မှုပမာဏကိုလည်း လျော့နည်းစေတာမို့ အိပ်မပျော်တာ၊ အိပ်ချိန်မမှန်တာ၊ စိတ်ခံစားချက်မကောင်းတာ၊ စိတ်ဖိစီးမှုများတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
 

ကိုယ်အလေးချိန်လည်းချ၊ ကျန်းမာရေးလည်း ညီညွတ်ပါစေ

စိတ်ရှည်ဖို့က အဓိကပါပဲ။ ခန္ဓာကိုယ်အတွက် လိုအပ်မယ့် အဟာရကို ပြည့်ဝအောင် စားသောက်ရပါမယ်။ အစားအသောက်ကို ခွဲစားတာမျိုးနဲ့ လေ့ကျင့်ခန်းကို သင့်တော်ရုံ မျှတအောင်လုပ်သင့်ပါတယ်။
 
အထူးသဖြင့် အစာစားတဲ့ ပမာဏကို ထိမ်းချုပ်နိုင်အောင် အရင်လုပ်သင့်ပါတယ်။ တစ်ကြိမ်တစ်ခါတည်းနဲ့ အမြောက်အများစားတာဟာ ဝိတ်တက်စေနိုင်ပါတယ်။ အသားနဲ့ အသီးအရွက်ကို မျှတအောင်ပြင်ဆင်ပြီး နည်းနည်းစီစားတာ အကောင်းဆုံးပါပဲ။ ဒီလိုမဟုတ်ရင်တောင်မှ ပုံမှန် ကိုယ်စားနေကျပမာဏထက် ၁၀% လောက် လျှော့ချစားသောက်ရင်တောင်မှ သင့်အတွက် အကျိုးရှိလာတာမြင်ရပါလိမ့်မယ်။
 
လူတစ်ယောက်ဟာ တစ်နေ့ကို ကယ်လိုရီ ၁,၅၀၀ - ၂,၀၀၀ ကြားစားပေးနေဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်းကို မျှမျှတတလုပ်ပြီး အစားအသောက်ကိုလည်း အာဟာရမျှတအောင် စားပေးမယ်ဆိုရင် လိုချင်တဲ့ ခန္ဓာကိုယ်အလေးချိန်ကို ဘေးအန္တရာယ်မရှိပဲ ရောက်ရှိနိုင်မှာပါ။
 
(ပိုပိုလေး)


Follow us on