ဂျော်ဂျီယာပြည်နယ်အတွင်း ရွေးကောက်ပွဲ မသမာမှုတွေ ရှိတယ်ဆိုတဲ့ သမ္မတ Donald Trump ရဲ့ ပြောကြားချက်တွေကို ပြည်နယ် ရွေးကောက်ပွဲတာဝန်ရှိသူတွေက ပယ်ချလိုက်ပြီး ရွေးကောက်ခံသမ္မတ Joe Biden အနိုင်ရရှိကြောင်း တနင်္ဂနွေနေ့က ကြေညာလိုက်ပါတယ်။
သမ္မတ Trump ရှုံးနိမ့်လို့ စိတ်ပျက်မိပေမယ့် ပြည်သူတွေက သူတို့ဆန္ဒကို ဖော်ထုတ်ခဲ့ပြီးပြီဖြစ်လို့ ပြည်သူတွေရဲ့ဆန္ဒကို ပြောင်းလဲပစ်ဖို့မရှိကြောင်း ဂျော်ဂျီယာပြည်နယ်ရဲ့ ရွေးကောက်ပွဲ ထိပ်တန်းတာဝန်ရှိသူ Brad Raffensperger က ABC သတင်းဌာနရဲ့ This Week အစီအစဉ်ကို ပြောပါတယ်။ စနေနေ့တုန်းကတော့ သမ္မတ Trump က ပြည်နယ်ရဲ့ ရီပတ်ဘလစ်ကန် အုပ်ချုပ်ရေးမှူး Brian Kemp ကို ဆက်သွယ်စကားပြောဆိုပြီး ပြည်နယ်လွှတ်တော်အနေနဲ့ အထူးအစည်းအဝေးတရပ် ကျင်းပပြီး လက်ရှိရလဒ်ကို ပယ်ဖျက်ပစ်ဖို့နဲ့ သူ့ကိုထောက်ခံတဲ့ သမ္မတရွေးချယ်ရေး အဖွဲ့ဝင်တွေကို ခန့်အပ်ပေးဖို့ တောင်းဆိုခဲ့တာပါ။
အုပ်ချုပ်ရေးမှူး Kemp က Trump ရဲ့ တောင်းဆိုချက်ကို ပယ်ချခဲ့တယ်လို့ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Geoff Duncan က CNN သတင်းဌာနကို တနင်္ဂနွေနေ့က ပြောပါတယ်။ “ဒီအခြေအနေမှာ ဂိုးစည်းတိုင်ကို ကျနော်တို့ မရွှေ့မှာ သေချာပါတယ်” လို့လည်း ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Duncan က ပြောပါတယ်။ ဂျော်ဂျီယာပြည်နယ်မှာ လက်နဲ့ရေတွက်တာ အပါအဝင် မဲနှစ်ကြိမ် အစအဆုံး ရေတွက်အပြီးမှာ Joe Biden က မဲပေါင်း ၁၂,၀၀၀ ဝန်းကျင်နဲ့ အနိုင်ရထားတယ်လို့ ကြေညာထားတာပါ။ ၁၉၉၂ ခုနှစ်နောက်ပိုင်း ဒီမိုကရက် သမ္မတလောင်းတဦး အနေနဲ့ ပထမဆုံး အနိုင်ပြန်ရတာလည်း ဖြစ်ပါတယ်။
Source : VOA
comment