ကာကွယ်ရေးဝန်ကြီး Mark Esper ကို ရာထူးကထုတ်ပယ်ပြီး အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ခိုက်ရေး စင်တာက ညွှန်မှုး Christopher Miller ကို ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် ချက်ခြင်းခန့် အပ်လိုက်တယ်လို့ သမ္မတထရမ့်က တွစ်တာကနေ တနင်္လာနေ့မှာ ကြေညာပါတယ်။ ထရမ့်ရဲ့ ကာကွယ်ရေးဝန်ကြီးအား ရုတ်တရက်ထုတ်ပယ်မှုဟာ ဒီမိုကရက်သမ္မတလောင်း ဂျိုးဘိုင်ဒန်ကို ရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီး ၂ ရက်အကြာ သို့မဟုတ် ရှုံးနိမ့်မှုကို လက်ခံဖို့ ငြင်းပယ်နေစဉ်မှာ ထွက်ပေါ်လာတာပါ။
ကာကွယ်ရေးဝန်ကြီး Esper နဲ့ ထရမ့်ကြားမှာ ဆက်ဆံရေးတင်းမာနေတဲ့အတွက် လွန်ခဲ့တဲ့ သီတင်းပတ်ကတည်းက နုတ်ထွက်စာတင်ဖို့ ပြင်ထားတယ်ဆိုပြီး သတင်းရပ်ကွက် အချို့က ပြောပါတယ်။ ရဲတွေရဲ့လက်ချက်နဲ့ George Floyd သေဆုံးမှုနောက်ပိုင်း လူတွေအစုံအပြုံလိုက် ဆန္ဒပြတာကို တားဆီးဖို့အတွက် စစ်သားတွေကို အသုံးပြုရေးနဲ့ပတ်သက်ပြီး သူ သဘောမတူဘူး လို့ ကာကွယ်ရေးဝန်ကြီး Esper က ဇွန်လမှာ ပြောဆိုမိရာကနေ ထရမ့်နဲ့ မပြေလည်မှု စခဲ့တာလို့ သတင်း ရပ်ကွက်တွေကဆိုပါတယ်။
ဥပဒေစိုးမိုးရေးအတွက် စစ်သားတွေကို သုံးခွင့်ရှိပေမယ့် နောက်ဆုံးအဆင့်ကျမှ သုံးသင့်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောခဲ့တယ်လို့ သိရပါတယ်။ ကာကွယ်ရေးဝန်ကြီးရဲ့ ပင်တဂွန်ရုံးခန်းအတွင်း အခုလိုပြောဆိုမှုကို အများက သတိထားမိပြီးတဲ့နောက် ထရမ့်နဲ့ ကာကွယ်ရေးဝန်ကြီး ခပ်ဝေးဝေး ဖြစ်သွားတယ်လို့ဆိုပါတယ်။ ကာကွယ်ရေးဝန်ကြီးနဲ့ သမ္မတထရမ့်တို့ဟာ နိုင်ငံတကာရှိ အမေရိကန် စစ်အခြေစိုက်စခန်းတွေ ဆက်ထားရေး မထားရေးနဲ့ပတ်သက်ပြီးလည်း သဘောထားကွဲခဲ့တယ်လို့ သိရပါတယ်။
Esper ဟာ ၂၀၁၉ ဇူလိုင်မှာ ကာကွယ်ရေးဝန်ကြီးဖြစ်လာသူပါ။ သူ့ အရင် ကာကွယ်ရေးဝန်ကြီး James Mattis ကတော့ သမ္မတထရမ့်ရဲ့ ဆီးရီးယားက တပ်ဆုတ်ခွာရေး၊ ISIS တွေကိုတိုက်ခိုက်ရာမှာ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်ခဲ့တဲ့ Kurdish လူမျိုးစုတွေကို စွန့်ထား ခဲ့မှုတွေအပေါ် သဘောမတူတဲ့အတွက် ၂၀၁၈ ဒီဇင်ဘာမှာ ရာထူးကနေ နုတ်ထွက်ခဲ့ တာလို့ သိရပါတယ်။ ။
Source: CNN One News