1. Home
  2. Myanmar News

တရုတ်ဘက်မှ ငါးရှဉ့်၊ ကဏန်းနှင့် ရေထွက်ကုန်များ ဝယ်ယူမှု ယာယီရပ်ဆိုင်းထား၍ မြန်မာဘက်မှ ရောင်းချသူများ အခက်တွေ့

Myanmar News พ.ย. 03, 2563 view 1,605

မြန်မာဘက်မှ တရုတ်နိုင်ငံသို့ ပို့ကုန်များဖြစ်သည့် ရေခဲငါး၊ ကဏန်း(အရှင်)၊ ငါးရှဉ့်(အရှင်)၊ ငါးဟောက်(အရှင်)၊ ငါးလင်ဗန်း(အရှင်)၊ ငါး၊ ပုစွန်နှင့် အခြား ရေထွက်ကုန်ပစ္စည်း အမျိုးမျိုးကို မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တင်ပို့လျက်ရှိရာ အောက်တိုဘာ ၁၅ ရက်မှ စတင်ကာ တရုတ် ဝယ်လက်များက ရေထွက်ကုန်များ ဝယ်ယူမှုကို ရက်အကန့်အသတ်မရှိ ယာယီရပ်ဆိုင်း လိုက်သည့်အတွက် မြန်မာဘက်မှ ရေထွက်ကုန်ပစ္စည်း ဝယ်ယူရောင်းချနေသည့် ကုမ္ပဏီများနှင့် ငါးရှဉ့်၊ ကဏန်းအဝယ်ဒိုင်များ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်သူများထံမှ သိရသည်။

ငါးရှဉ့်၊ ကဏန်း အပါအဝင် အခြားရေထွက်ကုန်များကို တရုတ်ဘက်မှ ယာယီ အဝယ်ရပ်ထားသဖြင့် မြန်မာဘက်မှ ကုန်သည်များ အရှုံးပေါ်နေသလို သာမန် ငါးရှဉ့်၊ ကဏန်း ရှာဖွေရောင်းဝယ် စားသောက်ကြသူများအထိပါ အခက်အခဲ အမျိုးမျိုးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ အလားတူ တရုတ်ဘက်မှ ဝယ်လက်များမှာလည်း ရေထွက်ကုန် အရောင်းအဝယ် မဖြစ်သည့်အတွက် အခက်အခဲအမျိုးမျိုး ရှိနေကြောင်း၊ မြန်မာဘက်မှ ကုန်သည်များအနေဖြင့်လည်း တရုတ်ဘက်မှ ပြန်လည်ဝယ်ယူမည့်အချိန်ကို မျှော်လင့်စောင့်ဆိုင်းနေရကြောင်း သိရသည်။

ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးများနှင့် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် အင်းလေးဒေသတို့ အပါအဝင် မြန်မာနိုင်ငံဒေသ အသီးသီးမှ ထွက်ရှိသည့် ကဏန်း၊ ပုစွန်၊ ငါးရှဉ့် အပါအဝင် ရေထွက်ကုန် များကို မူဆယ်နယ်စပ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း (၁၂၈၀၆၇ ဒသမ ၇၉၁) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၇၀ ဒသမ ၇၃၅ )သန်းဖြစ်သည်။

ယခင် ဘဏ္ဍာရေးနှစ်က (၁၀၂၀၁၈ ဒသမ ၈၄၉) တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၁၂၈ ဒသမ ၄၂၉ ) သန်း တင်ပို့နိုင်ခဲ့သဖြင့် ယခုဘဏ္ဍာနှစ်တွင် (၂၆၀၄၈ ဒသမ ၉၄၂ )တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၂ ဒသမ ၃၀၆) သန်း ပိုမိုတင်ပို့ နိုင်ခဲ့ကြောင်း မူဆယ်(၁၀၅)မိုင် ငါးဦးစီးဌာန၏ စာရင်းဇယားများအရ သိရသည်။

သန့်ဇင်(မူဆယ်) MDN



Follow us on