ကနေဒါနိုင်ငံ ကွိဘက်မြို့မှာ စနေညမှာ လူတဦးက ဓားနဲ့ထိုးလို့ လူနှစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရပါတယ်။ သံသယရှိသူ အသက် ၂၄ နှစ်အရွယ် လူတဦးကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဂျပန်စတိုင် ဓားနဲ့ ကြုံရာလူကို ထိုးသွားတဲ့ ဒီလူငယ်ဟာ မွန်ထရီယယ်မြို့ မြောက်ဘက် ဆင်ခြေဖုံးအရပ်ကဖြစ်ပြီး ကိုယ်ရေးကိုယ်တာ အကြောင်းကြောင့် ကြိုတင်ကြံစည်ကျူးလွန်တာ ဖြစ်နိုင်တယ်၊ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ပတ်သက်မှု မရှိဘူးလို့ ကွိဘက်မြို့ ရဲတပ်ဖွဲ့အကြီးအကဲ Robert Pigeon က ပြောပါတယ်။
ပြစ်မှုကျူးလွန်မှုမှတ်တမ်း မရှိပေမဲ့ ဒီလူငယ်ရဲ့ ဆေးမှတ်တမ်းမှာ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက အကြမ်းဖက်ဖို့ ခြိမ်းခြောက်မှု ရှိဖူးကြောင်း ဖော်ပြထားတယ်လို့ ဆိုပါတယ်။ သမိုင်းဝင်နေရာ Old Quebec မှာ ဓားထိုးမှုဖြစ်တာကို ရဲတပ်ဖွဲ့က ညဆယ်နာရီခွဲခါနီးမှာ စတင်သတင်းရရှိပြီးနောက် တနင်္ဂနွေမနက် တနာရီကျော်မှာ သံသယရှိသူကို ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။ ကွိဘက် ဆိပ်ကမ်းဟောင်း လုံခြုံရေးအစောင့်တဦးရဲ့ သတင်းပေးချက်အရ ဖမ်းမိတာလို့ ရေဒီယိုကနေဒါက ကြေညာသွားပါတယ်။
Halloween night လူသတ်မှုအတွက် သံသယရှိသူဟာ အေဒီ ၁၁၀၀ ကျော် အလယ်ခေတ်က အဝတ်အစားတွေ ဝတ်ဆင်ထားတယ်လို့ ကွိဘက်မြို့ ရဲဌာနရဲ့ Twitter တွစ်တာ အင်တာနက်စာမျက်နှာပေါ်မှာ ဖော်ပြပါတယ်။ (အောက်တိုဘာ ၃၁ Halloween night ဟောလိုးဝင်းညမှာ အထူးသဖြင့် လူငယ်တွေဟာ တစ္ဆေသရဲ နာနာဘာဝပုံစံ ဝတ်စုံတွေ ဝတ်ဆင်ပြီး အပြင်ထွက်ကြတဲ့ ဓလေ့ ရှိပါတယ်။) ဒဏ်ရာရသူငါးဦးကို ဒေသတွင်း ဆေးရုံတွေကို ပို့ထားပြီး သံသယရှိသူကိုလဲ အသက်ကယ်ဖို့ဆေးရုံ တင်ထားတယ်လို့ ရဲပြောခွင့်ရပုဂ္ဂိုလ် Étienne Doyon က ပြောပါတယ်။ သေဆုံးသွားသူတွေအတွက် ဝမ်းနည်းကြောင်း ကနေဒါဝန်ကြီးချုပ် Justin Trudeau (ဂျပ်စတင်ထရူးဒိုး)နဲ့ ကွိဘက်ပြည် နယ်ဝန်ကြီးချုပ် François Legault တို့က ပြောကြားပါတယ်။ ။
Source : CNN
One News
comment