ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထွက်ရှိလာချိန်တွင် နိုင်ငံများအနေဖြင့် မိမိနိုင်ငံ ကိုယ်ကျိုးအတွက် သီးသန့်သုံးစွဲခြင်းမပြုဘဲ တစ်ကမ္ဘာလုံးမျှတစွာသုံးစွဲနိုင်ရေး ဆောင်ရွက်ကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ ဂီဘရီယီးဆပ်စ်က ယမန်နေ့က ဘာလင်၌ သုံးရက်ကြာပြုလုပ်သည့် ကမ္ဘာ့ကျန်းမာရေးထိပ်သီး ညီလာခံ၌ ထည့်သွင်းပြောကြားခဲ့သည်။
“ နိုင်ငံတိုင်းက ကိုယ့်နိုင်ငံသားတွေကိုပဲ ဦးစားပေး ကာကွယ်ချင်ကြတာ သဘာဝပါပဲ၊ ဒါပေမယ့် တကယ်ထိရောက်မှုရှိတဲ့ ကာကွယ်ဆေးရလာရင် အချို့ နိုင်ငံသားတွေချည်းပဲ အသုံးပြုခွင့်ရတာထက် အားလုံးခွဲဝေသုံးစွဲဖို့ လိုအပ်ပါ တယ်။ ဒါက ကိုဗစ်-၁၉ ရောဂါပြဿနာကို ဖြေရှင်းပေးနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပါ” ဟု ဂီဘရီယီးဆပ်စ်က ထည့်သွင်း ပြောကြားခဲ့သည်။
ကပ်ရောဂါမှ ပြန်လည်နာလန်ထူလာရေးအတွက် တစ်ခုတည်းသောနည်းလမ်း မှာ ဆင်းရဲသောနိုင်ငံများသို့လည်း ဆေးဖြန့်ဖြူးပေးနိုင်ရေးဖြစ်ကြောင်း၊ ကိုယ်ပိုင်ဆေးထုတ်လုပ်နိုင်စွမ်းရှိသည့် ချမ်းသာသောနိုင်ငံများက မိမိတို့ နိုင်ငံ အတွက်သာ ဆေးဝါးသုံးစွဲမည်ဆိုပါက ကပ်ရောဂါမှာ ပိုမိုရှည်ကြာနေမည်ဖြစ် ကြောင်း သတိပေးခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ သိပ္ပံပညာရှင်များက ကာကွယ်ဆေး ထုတ်လုပ်ရန်အတွက် စမ်းသပ်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး ဒါဇင်ပေါင်း များစွာသောဆေးဝါးများကို စမ်းသပ်နေသော်လည်း အဆင့် ၃ ၏ အမြင့်ဆုံး အဆင့်အထိ တိုးတက်နေသည့်စမ်းသပ်မှုမှာ ၁၀ မျိုးသာရှိကြောင်း သိရသည်။
အီးယူနိုင်ငံများ၊ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုတို့က စမ်းသပ်နေသည့် ဆေးဝါးများကို ကြိုတင်မှာယူမှုများ များပြားနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ကလည်း ကမ္ဘာ့နိုင်ငံသားများအားလုံး ဆေးဝါးညီညီမျှမျှရရှိစေရေးအတွက် ကိုဗစ်အမည်ရ အစီအစဉ်တစ်ခုကို ရေးဆွဲထားပြီးဖြစ်သည်။ အောက်တိုဘာ ၂၅ ရက်တစ်ရက်တည်းတွင် ကမ္ဘာတစ်ဝန်းကူးစက်မှု လေးသိန်းငါးသောင်းကျော်ခဲ့သည့်အတွက် ကမ္ဘာ့နိုင်ငံများအားလုံးကို ကန့်သတ် ချက်များ ဆက်လက်တိုးမြှင့်ထားရန်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ညွှန်ကြား ခဲ့သည်။ အဆိုပါကူးစက်မှု၏တစ်ဝက်မှာ ဥရောပနိုင်ငံများမှ ဖြစ်သည်။
ကိုးကား- စီအင်န်အေ၊
ဘာသာပြန်-မေလဲ့သင်း
The Mirror
comment