အမေရိကန်၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံတို့ပါဝင်သော သုံးနိုင်ငံ ရေတပ်လေ့ကျင့်မှုတွင် သြစတြေးလျနိုင်ငံ ပါဝင်မည်ဟု အဆိုပါနိုင်ငံများက ယမန်နေ့တွင် ကြေညာ ခဲ့သည်။ အမေရိကန်၊ ဂျပန်ရေတပ်တို့နှင့် မာလာဘာခေါ် ရေတပ်လေ့ကျင့်မှုများ နှစ်စဉ်ပြုလုပ်နေကျ အိန္ဒိယနိုင်ငံက Quad ခေါ် အဖွဲ့ဝင်နိုင်ငံများကြား ပူးပေါင်း ဆောင်ရွက်မှု လက္ခဏာတစ်ခုအဖြစ် နောက်လအတွင်း ဘင်္ဂလားပင်လယ်အော် ၌ ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုသို့ သြစတြေးလျနိုင်ငံအား ဖိတ်ကြားရန် သဘောတူခဲ့သည်။
အိန္ဒိယနိုင်ငံက ပင်လယ်ရေကြောင်း လုံခြုံရေးတွင် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ကြိုးပမ်းနေပြီး သြစတြေးလျနိုင်ငံနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ခဲ့ခြင်းကြောင့် ၂၀၂၀ ပြည့်နှစ် မာလာဘာရေတပ်လေ့ကျင့်မှုတွင် သြစတြေးလျရေတပ် ပါဝင်မည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။ သြစတြေးလျနိုင်ငံက ၂၀၀၇ ခုနှစ်နောက်ပိုင်း အဆိုပါ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွင် ပြန်လည်ပါဝင်လာမှုလည်းဖြစ်သည်။
မာလာဘာ စစ်ရေး လေ့ကျင့်မှုများက သြစတြေးလျတပ်မတော်အတွက် သမိုင်းမှတ်တိုင် အခွင့်အလမ်းတစ်ရပ်ဖြစ်ခဲ့ကြောင်း၊ အရေးပါသော အင်ဒို-ပစိဖိတ်ဒေသ ဒီမိုကရေစီလေးနိုင်ငံကြား နက်ရှိုင်းသောယုံကြည်မှုနှင့် ဘုံလုံခြုံရေးဆိုင်ရာ အကျိုးစီးပွားများအတွက် လက်တွဲဆောင်ရွက်သောဆန္ဒကို ပြသရာရောက် ကြောင်း သြစတြေးလျကာကွယ်ရေးဝန်ကြီး လင်ဒါရေးနိုးစ်က ပြောကြားသည်။
အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် သြစတြေးလျနိုင်ငံတို့က ဒေသတွင်း ဦးဆောင်ဒီမိုကရေစီလေးနိုင်ငံကြား မဟာဗျူဟာမြောက် ညွန့်ပေါင်းအဖွဲ့တစ်ခု အဖြစ် “Quad” ခေါ် အဖွဲ့အား ဖွဲ့စည်းခဲ့ပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှုများက အဆိုပါအဖွဲ့၏ ပထမဆုံးသော လက်ဆုပ်လက်ကိုင်ပြနိုင်သည့်လုပ်ဆောင်ချက် ဖြစ်လာမည်ဖြစ်သည်။
ကိုးကား-သည်စထရိတ်တိုင်းမ်
ဘာသာပြန်-ကျော်ထိုက်စိုး/The Mirror
comment