ကိုဗစ်ကြောင့် ၇ လကြာပိတ်ထားရတဲ့ နိုင်ငံခြားခရီးသည်လက်ခံရေးကို ထိုင်းနိုင်ငံက ယမန်နေ့ က ပြန်လည်စတင်လိုက်ပါတယ်။ ဒါဟာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်လာရေးအတွက် မျှော်လင့်ချက် ရောင်ချည်မျှင်တန်းလေးတခုဖြစ်တယ်လို့ဆိုပါတယ်။ ပြန်ဖွင့်ဖွင့်ခြင်း ဘန်ကောက်ရှိ သုဝဏ္ဏဘုမ္မိ နိုင်ငံတကာလေဆိပ်ကို ပထမ ဆုံးရောက်လာတာကတော့ ရှန်ဟဲက တရုတ်ခရီးသည် ၃၉ ဦးဖြစ်ပါတယ်။
သူတို့ဟာ အထူးနေထိုင်ခွင့်ဗီဇာနဲ့ လာရောက်တာဖြစ်ပြီး၊ ဗီဇာသက်တမ်းအရ ရက်ပေါင်း ၉၀ နေထိုင်ခွင့်ပြုထားတဲ့အပြင် ၂ ကြိမ်တိတိ ဗီဇာထပ်တိုးခွင့်ရှိတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံရဲ့ ကိုဗစ်စည်းကမ်းချက်အရ ရောက်လာသူတွေဟာ ရောက်ရောက်ချင်း ကွာရန်တင်း ၂ ပတ် ဝင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ခရီးသွားအာမခံ၊ ကိုဗစ်ဖြစ်ရင် ကုသရေးအပါဝင် ကျန်းမာရေးအာမခံတွေကိုလည်း ပြသရမယ်လို့ လေဆိပ် တာဝန်ရှိသူတွေက ပြောပါတယ်။ လေဆိပ်ကို ဆိုက်ပြီးတာနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို စစ်ဆေးတာအပြင် လူဝင်မှုကြီးကြပ်စစ်ဆေးရေးဂိတ်မဖြတ်ခင်မှာ ခရီးသည်တွေကို ကိုယ်အပူချိန်တိုင်းတာတွေ လုပ်ဆောင်မယ်လို့ ဆိုပါတယ်။
လေဆိပ်မှာ တပ်ဆင်ထားတဲ့ အပူချိန်တိုင်းစက် (၃)ခုကို ခရီးသည်အားလုံးက ဖြတ်လျှောက်ရမှာဖြစ်ပါတယ်။ ခရီးသည်တွေ ဘတ်စ်ကားပေါ် တက်တဲ့အခါမှာလည်း ရောဂါကာကွယ်ရေးဝတ်စုံအပြည့် ဝတ်ထားတဲ့ အလုပ်သမားတွေက ခရီးသည်တစ်ဦးချင်းစီရဲ့ အဝတ်အိတ်တွေကို ပိုးသတ်ဆေးဖျန်းမှာ ဖြစ်ပါတယ်။ ဒါဟာ ရောဂါကာကွယ်ရေးနဲ့ပတ်သက်ပြီး “ခရီးသည်အားလုံး ဘေးကင်းလုံခြုံစေဖို့ နိုင်ငံတကာစံနှုန်းနဲ့အညီ စနစ်တကျ လုပ်ဆောင်ထားတယ်”လို့ လေဆိပ်လက်ထောက် မန်နေဂျာ ကစ်တီဘုန်း ကစ်တီကချုန်းက ပြောခဲ့ပါတယ်။
မနှစ်က ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားခရီးသည် သန်း ၄၀ နီးပါးရှိခဲ့ပြီး၊ ပြည်တွင်းအသားတင်ထုတ်လုပ်မှု GDP ရဲ့ ၁၀ ရာခိုင်နှုန်းကို ခရီးသွားလုပ်ငန်းက ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ကိုဗစ်ကူးစက်မှုဆိုးလာတဲ့ ဧပြီလအစောပိုင်းကစပြီး နိုင်ငံတကာ လေကြောင်းလိုင်းတွေကို ပိတ်လိုက်ရလို့ ခရီးသွားလုပ်ငန်ခွင်တခုလုံး ထိခိုက်ခဲ့ရပါတယ်။
ကမ္ဘာလှည့်ခရီးသွားတွေကြား ထင်ရှားလှတဲ့ ကျွန်းတွေ၊ ပင်လယ်ကမ်းခြေတွေ၊ ဟိုတယ်တွေဟာ လူသူမရှိဖြစ်နေပါတယ်။ အခုတော့ အကန့်အသတ်နဲ့ခွင့်ပြုတဲ့ ခရီးသွားလုပ်ငန်း ပြန်လည်စတင်လိုက်ပြီဖြစ်တာကြောင့် အထူး ဗီဇာနဲ့လာတဲ့ ခရီးသည် လေယာဉ်တွေ နောက်ထပ် ဆိုက်ရောက်လာဖို့ရှိနေပါတယ်။ ။
Source: AP One News
comment