ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အရေးပေါ်ကြေညာချက်ထုတ်ထားပေမယ့် သောင်းနဲ့ချီတဲ့လူငယ်တွေက အဲဒီ ကြေညာချက်ကို အံတုပြီး နိုင်ငံရေးပြုပြင်ပြောင်းရေးအတွက် ၅-ရက်မြောက်နေ့အဖြစ် တနင်္ဂနွေနေ့မှာ ကန့်ကွက်ဆန္ဒပြပွဲ ဆက်လုပ်ခဲ့ပါတယ်။ ဆန္ဒပြလူငယ်တွေဟာ အရေးပါတဲ့သယ်ယူပို့ဆောင်ရေးလမ်းကြောင်းရှိရာ လွတ်လပ်ရေးကျောက်တိုင်မှာ စုဝေးခဲ့ကြတဲ့အပြင် ထောင်နဲ့ချီတဲ့ အခြားဆန္ဒပြသမားတွေကတော့ နိုင်ငံရဲ့ကုန်သွယ်မှုလုပ်ငန်းမှာ အချက်အချာကျတဲ့ အာဆုတ်ခ် ဂျန်းရှင်းမှာ စုရုံးဆန္ဒပြခဲ့ကြပါတယ်။
ဒီလိုနေရာခွဲပြီး ဆန္ဒပြကြတဲ့အတွက် ရဲတွေဖက်က ဖြိုခွဲဖို့ ခက်ခဲသွားလိမ့်မယ်လို့ ဆန္ဒပြ လူငယ်တွေက မျှော်လင့်ထားပါတယ်။ ဆန္ဒပြသူတွေဟာ နိုးနိုးကြားကြားနဲ့ သတိရှိဖို့ လိုအပ်နေပြီး၊ အသံချဲ့စက်မလုံလောက်တာကြောင့် ကြီးမားပြီးဆူညံတဲ့လူအုပ်ကြီးကြားမှာ သတင်းအချက်အလက်ပေးဖို့ခက်နေတဲ့အတွက် လက်ပြသင်္ကေတတွေနဲ့ မက်ဆေ့စ်ပို့အချက်ပြနည်းကို လုပ်ဆောင်ခဲ့ပါတယ်။ “ဆိုလိုတာက ဒီသင်္ကေတဆိုရင် အိမ်ပြန်ရတော့မယ်၊ ဒါက ပြေးရတော့မယ်၊ အန္တရာယ်ဖြစ်နေပြီ” စတဲ့ အချက်ပြ မက်ဆေ့စ်တွေကို လက်ပြသင်္ကေတနဲ့ ပုံဖေါ်တာပါ။
ဒီနည်းဟာ အရေးကြီးဆုံး အချက်ပေးနည်းပဲလို့ ဆန္ဒပြခေါင်းဆောင်တစ်ဦးက ရှင်းပြခဲ့ပါတယ်။ အခုဆန္ဒပြမှုဟာ ပြီးခဲ့တဲ့ မတ်လက နိုင်ငံတဝန်းရှိ တက္ကသိုလ်ကျောင်းတွေက စတင်ခဲ့တာဖြစ်ပြီး၊ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ ရာထူးမှ နုတ်ထွက်ပေးရေး၊ ဒီမိုရေစီပြုပြင်ပြောင်းလဲရေးအတွက် ဖွဲ့စည်းပုံပြန်လည် ရေးဆွဲရေးနဲ့ ဘုရင်စနစ်ပြုပြင်ပြောင်း လဲရေးအတွက် တောင်းဆို ဆန္ဒပြနေကြတာဖြစ်ပါတယ်။ တနင်္ဂနွေဆန္ဒပြပွဲဟာ ဘန်ကောက်မှာတင်မကပဲ မြောက်ပိုင်းက ချင်းမိုင်အပါဝင် ဒါဇင်နဲ့ချီတဲ့ မြို့ကြီးတွေမှာပါ တပြိုင်တည်းကျင်းပခဲ့တာဖြစ်တယ်လို့ လူငယ်တွေကပြောပါတယ်။. ။
Source: AP
One News
comment