ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ကျေးရွာပေါင်း (၅၅၇) ရွာ၌ တစ်အိမ်သုံးဆိုလာစနစ် (Solar Home System- SHS) ဖြင့် လျှပ်စစ်မီးရရှိရေးကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဂျာမန်ဖွံ့ဖြိုးရေးဘဏ်(KfW)အဖွဲ့တို့ပူးပေါင်း၍ နိုင်ငံတော်ဘတ်ဂျက်၊ KfW အဖွဲ့ ထောက်ပံ့ ရန်ပုံငွေ ယူရို ၇ သန်းနှင့် ပြည်သူ့ထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ၂
၀၃၀ပြည့် နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိစေရေးအတွက် ကမ္ဘာ့ဘဏ်၏အကူအညီဖြင့် အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(National Electrification Project- NEP)ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ မဟာဓာတ်အားလိုင်း ပြင်ပစနစ် ကျေးလက်မီးလင်းရေး လုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကမ္ဘာ့ဘဏ်၏အကူအညီဖြင့် သာမက အခြားသောနိုင်ငံတကာ ဖွံ့ရေးမိတ်ဖက် အဖွဲ့အစည်းများ နှင့်လည်းပူးပေါင်း ဆောင်ရွက် လျက်ရှိရာ ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KfW) အဖွဲ့အထောက်အပံ့ဖြင့် ဆောင်ရွက်သည့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးလက် မီးလင်းရေး လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။
စီမံကိန်း ဆောင်ရွက်ရာတွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အား လိုင်းပြင်ပ) (NEP (Off-Grid))အစီအစဉ်အရ သတ်မှတ်ထားရှိသည့် စီမံကိန်းဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ စီမံကိန်းဧရိယာ ရွေးချယ်ဆောင်ရွက်ခြင်းဖြစ်ပြီး တစ်အိမ်သုံး ဆိုလာစနစ် (Solar Home System- SHS) ဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ၊ ကျေးရွာပေါင်း (၅၅၇) ရွာ၊ အိမ်ခြေပေါင်း (၂၃၀ဝ၀) ခန့် လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါကျေးရွာများရှိ အများ ပြည်သူပိုင် အဆောက်အဦများ လျှပ်စစ်မီး ရရှိရေးအတွက် လမ်းမီးတိုင် (၂၆၇၂)၊ စာသင်ကျောင်း (၃၃၇)၊ ဆေးပေးခန်း(၆၀)၊ ဘာသာရေးအဆောက်အဦ (၃၇၅)များအတွက် အများသုံးဆိုလာစနစ်(Public facilities) (၃၄၄၄) စုံကိုလည်း စီမံကိန်းရန်ပုံငွေမှ အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တစ်အိမ်သုံးဆိုလာစနစ်များကို ဒေသခံပြည်သူများမှ မိမိပိုင်ပစ္စည်းကဲ့သို့ စနစ်တကျ ကိုင်တွယ် အသုံးပြုစေရန် ရည်ရွယ်၍ ၆၀ ဝပ် ဆိုလာစနစ်အတွက် ငွေကျပ်ငါးသောင်းနှင့် ၁၀ဝ ဝပ် ဆိုလာစနစ် အတွက် ငွေကျပ် တစ်သိန်းငါးသောင်း ပြည်သူ့အချိုးကျ အရစ်ကျစနစ်ဖြင့် နှစ်ကြိမ်ခွဲ၍ ထည့်ဝင်ရမည်ဖြစ်ပြီး ဆိုလာစနစ်တစ်စုံစာအတွက် ကျန်ရှိသည့် တန်ဖိုးကို စီမံကိန်းရန်ပုံငွေမှ ကျခံပေးမည် ဖြစ်ကြောင်း၊ စီမံကိန်းကျေးရွာရှိ အများပြည်သူပိုင် အဆောက်အဦများဖြစ်သည့် စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေးကျောင်းနှင့် လမ်းမီးတိုင် များကို စီမံကိန်းရန်ပုံငွေမှ ရာနှုန်းပြည့် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ အိမ်သုံးဆိုလာစနစ်အတွက် ထည့်ဝင်ထားသည့် ပြည်သူ့ထည့်ဝင်ငွေ များအား ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြန်လည်အသုံးပြု သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သန်းလွင်(မကွေး) MDN