1. Home
  2. Myanmar News

မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)ကို Quarantine Center အဖြစ် အသုံးပြုနိုင်ရန် ဧရာဝတီဖောင်ဒေးရှင်း ဆောင်ရွက်ထား

Myanmar News ต.ค. 07, 2563 view 1,454

ဧရာဝတီဖောင်ဒေးရှင်းသည် မန္တလေးမြို့ရှိ မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)ကို ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးလုပ်ငန်းများအတွက် Quarantine Center အဖြစ် အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဧရာဝတီဖောင်ဒေးရှင်းသည် မန္တလေးတိုင်းဒေသကြီးအတွင်း၌ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ခံရသူများ ထားရှိရန်အတွက် နေရာအခက်အခဲ မဖြစ်ပေါ်စေရန် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) ကို Quarantine Center အဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

ဧရာဝတီဖောင်ဒေးရှင်းသည် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)အဆောက်အဦတွင် Quarantine ဝင်မည့် စောင့်ကြည့်ခံရသူ (၁၀၀)ဦးနှင့် စေတနာ့ဝန်ထမ်း(၂၅)ဦး အဆင်သင့်နေထိုင်နိုင်ရန် ပြင်ဆင်ဆောင်ရွက် ပေးထားပြီး ဧရာဝတီဖောင်ဒေးရှင်းမှ လိုအပ်သည့်ပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ပေးထားကာ တစ်နေ့လျှင် လေးကြိမ် အစားအသောက်ကျွေးမွေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားသည်။

ဧရာဝတီဖောင်ဒေးရှင်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် ပံ့ပိုးကူညီဆောင်ရွက် ပေးလျက်ရှိပြီး ရန်ကုန်မြို့တွင် ရောဂါကုသရေးစင်တာများ၊ Quarantine Center များ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသလို မန္တလေးမြို့တွင် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)ကို စောင့်ကြည့်ခံရသူများ ထားရှိရန် Quarantine Center အဖြစ်အသုံးပြုကာ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည်။

သတင်း-ရဲရင့်ရှိုင်း

ဓာတ်ပုံ-ကိုမိုး

/MDN



Follow us on