1. Home
  2. Myanmar News

မန္တလေးခရိုင် အောင်မြေသာစံမြို့နယ်တွင် COVID-19 ရောဂါပိုးတွေ့ရှိမှု များပြားလာသဖြင့် အတည်ပြုလူနာများ နေထိုင်သည့် ရပ်ကွက်များကို Semi Lock Down ပြုလုပ်

Myanmar News ต.ค. 05, 2563 view 1,462

မန္တလေးခရိုင်၊ အောင်မြေသာသာစံမြို့နယ်တွင် COVID-19 ရောဂါပိုးတွေ့ရှိမှု များပြားလာသဖြင့် အတည် ပြုလူနာများ နေထိုင်သည့် ရပ်ကွက်များကို Semi Lock Down (ယာယီ အသွားအလာ ပိတ်ဆို့) ပြုလုပ် ထားကြောင်း အောင်မြေသာစံမြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ မှ သိရသည်။

အောင်မြေသာစံမြို့နယ်မှ COVID-19 အတည်ပြုလူနာအများဆုံးတွေရှိထားသည့် ဥပုသ်တော်ရပ်ကွက်နှင့် အမရဌာနီအရှေ့ရပ်ကွက်များမှ အိမ်ထောင်စု ၂၀၀ ကျော်ကို Semi Lock Down (ယာယီ အသွားအလာ ပိတ်ဆို့) ချထားခြင်း ဖြစ်ကြောင်း သိရသည်။

“အထက်အဆင့်ဆင့် အုပ်ချုပ်ရေးအဖွဲ့များရဲ့ ဆုံးဖြတ်ချက်နဲ့ ယာယီ အသွားအလာ ကန့်သတ်ပိတ်ပင် ထားခဲ့တာပါ၊ ဥပုသ်တော်ရပ်ကွက်မှာ ပိုးကူးစက်ခံရသူက များလာတာကြောင့်ပါ၊ ဥပုသ်တော်ရပ်ကွက် အတွင်းက လမ်းတစ်ချို့ကိုပါ ဒေသအာဏာပိုင်တွေက အသွား အလာကန့်သတ်မှုတွေလုပ်ထားပြီး၊ ဒါက Semi Lockdown သဘောမျိုးလည်းဖြစ်တယ်” ဟု ဥပုသ်တော်ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးညီညီလွင်က ပြောသည်။

Semi Lock Down (ယာယီ အသွားအလာ ပိတ်ဆို့) ပြုလုပ်ထားရှိသည့်အခြေအနေမှာ ဥပုသ်တော်ရပ် ကွက်၊ ၇၅လမ်းနှင့် ၇၄လမ်းကြား၊ ၉လမ်းရှိ အကွက် ၂၀ မှ အိမ်ထောင်စု ၈၀ ကျော်၊ လူဦးရေ ၃၆၀ နှင့် ၇၅လမ်းနှင့် ၇၄လမ်းကြား၊ ရလမ်းရှိ အကွက် ၂၉ မှ အိမ်ထောင်စု ၁၃၀ ကျော်၊ လူဦးရေ ၆၁၀ ကျော်တို့ ဖြစ်ပြီး အသွားအလာ ကန့်သတ်ပိတ်ပင်ထားခြင်းဖြစ်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က သိရသည်။ ထို့အပြင် အဆိုပါ ပိုးတွေ့လူနာများနှင့် ဆက်စပ်၍ ဥပုသ်တော်ရပ်ကွက် ရ၈လမ်း၊ ၉လမ်းနှင့် ၁၀ လမ်း ကြား ရှိ နေအိမ်အချို့ကိုလည်း Semi Lock Down (ယာယီ အသွားအလာ ပိတ်ဆို့) ချထားကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်များထံက သိရသည်။

ဥပုသ်တော်ရပ်ကွက်နေ ပထမဆုံးသော ပိုးတွေ့လူနာမှာ အမျိုးသားနှစ်ဦးဖြစ်ကာ နှစ်ဦးအနက်မှ တစ်ဦး မှာ ဖျားနာ အနံ့ပျောက်ဆုံးသွားသဖြင့် မန္တလေးဆေးရုံကြီးသို့ သွားရောက်ပြသရာ စောင့်ကြည့်လူနာ အဖြစ် ကုသပေးပြီး ဓာတ်ခွဲနမူနာ( Swab) ရယူစစ်ဆေးရာက စက်တင်ဘာလ ၂၇ ရက် က စတင်တွေ့ ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါလူနာနှစ်ဦး ပိုးတွေ့ရှိခဲ့ပြီနောက် အောင်မြေသာစံမြို့နယ်အတွင်း၌ ဆင့်ပွားအတည်ပြုလူနာ များပြား လာရာ အောက်တိုဘာလ ၃ ရက်ထိ ပိုးတွေ့အတည်ပြုလူနာ ၅၈ ဦးထိ တွေ့ရှိထားကြောင်း အောင်မြေသာစံမြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

အောင်မြေသာစံမြို့နယ်အတွင်း COVID-19 အတည်ပြုလူနာတွေ့ရှိမှုအနေဖြင့် ဥပုသ်တော်ရပ်ကွက်မှ ၄၁ ဦး၊ အမရဌာနီအရှေ့ရပ်ကွက်မှ ၁၁ ဦး၊ ညောင်ကွဲရပ်ကွက်မှ နှစ်ဦး၊ အောင်မြေသာစံရပ်ကွက်မှ နှစ်ဦး၊ သီရိမာလာအရှေ့ရပ်ကွက် နှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ညောင်ကွဲရပ်ကွက်နေ အသက် ၇၀ ကျော် အမျိုးသားတစ်ဦး နှလုံးရောဂါဖြင့် အမောဖောက်လာ သဖြင့် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက်ကုသစဉ် သေဆုံးခဲ့ပြီးနောက် ဓာတ်ခွဲနမူ နာ(Swab) ရယူစစ်ဆေးခဲ့ရာ ပိုးတွေ့လူနာအဖြစ် ပါဝင်လာကြောင်း အောင်မြေသာစံမြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

အဆိုပါပိုးတွေ့လူနာများနှင့် ထိတွေ့မှုရှိသူများကိုလည်း သက်ဆိုင်ရာ Quarantine Center များသို့ ပို့ဆောင်၍ အသွားအလာကန့်သတ်စောင်ကြည့်မှု ခံယူရသူ ၁၅၀ ကျော်ထိ ရှိကြောင်း သိရသည်။

နိုင်ထူး(ပြည်မြန်မာ)



Follow us on