COVID လက္ခဏာ အနည်းငယ်ပြသူတွေကို Antigen Test Kit အသုံးပြုပြီး စစ်ဆေးပါက ပိုးတွေ့လူနာ များလာနိုင်တယ်လို့ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက ပြောပါတယ်။ အဲ့ဒီ Antigen Test Kit ဟာ အချိန် မြန်မြန်နဲ့ စစ်ဆေးနိုင်တာကြောင့် ဖြစ်တယ်လို့ ဒေါက်တာဇော်သန်းထွန်းက ရှင်းပြပါတယ်။
အောက်တိုဘာလ (၁) ရက်နေ့က ဆေးသုတေသနဦးစီးဌာန (ရန်ကုန်)မှာ ပြုလုပ်တဲ့ ကျန်းမာရေးဝန်ထမ်းများ အတွက် အလှူငွေ နှင့် ကာကွယ်ရေးပစ္စည်းများ လှူဒါန်းပေးအပ်ပွဲမှာ အခုလို ပြောပြခဲ့တာပါ။ “ဒါကို စစ်လို့ရတယ်ဆိုတာသိတဲ့ အချိန်မှာ ပြည်သူများကလဲ ဒါလေးကို လာကြည့်ပြီးတော့ စစ်မယ် စောင့်လဲ သိပ် မစောင့် ရဘူးလို့ ယူဆရတဲ့ အတွက် လာတာ အများကြီးဖြစ်လာနိုင်ပါတယ်။
ဆိုလိုချင်တာက အရင်တုန်းက လာရမှာ ကြောက်လို့ စောင့်ရမှာကြာလို့၊ အဲ့ ဆေးရုံဆေးခန်းရောက်ရင် ရောဂါ ကူးသွားမလားပေါ့ ကြောက်တဲ့ သူတွေ၊ စိုးရိမ်တဲ့ ပြည်သူတွေ က အနည်းငယ် ဖျားတာရော အနံ့ပျောက်တဲ့ သူတွေက အစပေါ့ ဒီ Test Kit နဲ့ စစ်လိုက် မယ်ဆိုရင်တော့ ရောဂါလက္ခဏာတွေ့ရှိတဲ့ ရာခိုင်နှုန်း ကများလာနိုင်ပါတယ်” လို့ ဒေါက်တာ ဇော်သန်းထွန်း က ပြောပါတယ်။
မြန်မာနိုင်ငံမှာ Antigen Test Kit ကို တော့ စက်တင်ဘာလ (၂၉) ရက်နေ့ က စတင် အသုံးပြုခဲ့ပဲတာဖြစ်ပါတယ်။ ဆေးရုံ (၉) ရုံမှာ စတင်စစ်ဆေးနေပြီး စက်တင်ဘာ(၃၀) ရက်ထိ လူ (၅၉၈) ဦး မှာ လူ (၁၈၀) လောက် ပိုးတွေ့ အဖြေထွက်ရှိထားပါတယ်။ အဲ့ဒီ Antigen Test Kit ကို နောက်ရက်ပိုင်းအတွင်းမှာပဲ တစ်ခြားနေရာတွေ ကို ဖြန့်ဖြူးသွားဖို့ရှိတယ်လို့ အမျိုး သားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနကသိရပါတယ်။
သတင်း - ကျော်ထက်(One)