1. Home
  2. Myanmar News

COVID-19 ကာလ ဖြစ်သော်လည်း ရှောက်ချိုသီး ရောင်းဝယ်မှု အဆင်ပြေလျက်ရှိ

Myanmar News ก.ย. 24, 2563 view 1,622

ယခု စက်တင်ဘာလသည် ရှောက်ချိုသီးများ စတင်ထွက်ရှိသည့် ကာလဖြစ်ပြီး တစ်နှစ်တွင် သုံးလခန့်သာ ထွက်ရှိခြင်းဖြစ်သည်။ COVID-19 ကာလဖြစ်သော်လည်း ရှောက်ချိုသီးရောင်းဝယ်မှုသည် ယခင်နှစ်ကအတိုင်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မောက်မယ်မြို့နယ် နမ့်လွတ်ကျေးရွာမှ အဓိကမှာယူ ရောင်းချနေခြင်းဖြစ်ကြောင်း၊ အော်ဂဲနစ် သီးနှံဖြစ်သည့်အတွက် နာမည်ကြီးပြီး အခြားဒေသက အသီးများထက်လည်း အရသာပိုချိုကြောင်း၊ ဈေးနှုန်းအနေနှင့် အရွယ်အစားပေါ်မူတည်ပြီး တစ်လုံးကို ကျပ်(၂၀၀)မှ ကျပ်(၆၀၀)အထိရှိပြီး ဈေးကွက်က ပုံမှန်နှစ်တွေအတိုင်း ရောင်းချနေရသည့်အတွက် အဆင်ပြေလျက်ရှိကြောင်း တောင်ကြီးမြို့ပေါ်မှ နှစ်စဉ် ရှောက်ချိုသီး ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ကိုမောင်ကျော်က ပြောပြသည်။

ရှောက်ချိုသီးသည် ယခုလမှ ထွက်ရှိပြီး စတင်ရောင်းချနေရသည့်အတွက် ဝယ်ယူစားသုံးမှု များပြားလျက်ရှိကြောင်း၊ တောင်ကြီးမြို့တွင်းတွင် သာမက အခြားမြို့နယ်ကိုလည်း တင်ပို့ရောင်းချ နေရပြီး မန္တလေးမြို့ကို အများဆုံး တင်ပို့ရောင်းချနေရခြင်းဖြစ်ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်သည် ရှောက်ချိုသီး အများဆုံးထွက်ရှိရာဒေသ ဖြစ်ပြီး ယခင်နှစ်က ပိုးကျရောက်မှုကြောင့် အထွက်နှုန်းကျဆင်းခဲ့ရပါသည်။

ယခုနှစ်တွင် ပိုးကျရောက်ဖျက်ဆီးမှုမရှိဘဲ အထွက်နှုန်းပုံမှန် ဖြစ်နေသော်လည်း COVID-19 ရောဂါကြောင့် နယ်ဝေးကနေ မှာယူရောင်းချမှု နည်းပါးနေကြောင်း မောက်မယ်မြို့နယ်မှ ရှောက်ချိုသီး စိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

Photo – Sai Num Hpa



Follow us on