1. Home
  2. Myanmar News

ယုဇနပလာဇာကို ယနေ့မှစ၍ စောပိတ်မည်

Myanmar News ก.ย. 11, 2563 view 1,441

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ၊ ယုဇနပလာဇာကို စက်တင်ဘာလ (၁၁) ရက်နေ့မှစတင်ကာ စျေးစောပိတ်သိမ်းမည်ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။ COVID-19 ဒုတိယလှိုင်းအတွင်း ကူးစက်မှုမြင့်တက်နေသောကြောင့် လူစည်ကားရာ စျေးကြီးတခုဖြစ်သည့် ယုဇနပလာဇာကို နေ့လယ် (၂) နာရီခွဲတွင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

"စက်တင်ဘာ ၁၁ ရက်နေ့ကစပြီးတော့ နေ့လယ် (၂) နာရီခွဲဆို ဆိုင်တွေပိတ်ရပါတယ်၊ လူတွေစည်ကားတဲ့နေရာတွေက ရောဂါကိုဖိတ်ခေါ်နေသလိုမျိုး ဖြစ်မှာစိုးရိမ်လို့ပါ"ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်အထိ ယုဇနပလာဇာစျေးကြီးအပါအဝင် မင်္ဂလာစျေး၊ ရွှေပြည့်စုံစျေး အစရှိသည့် လူစည်ကားရာစျေးများကို ပိတ်ထားရန်အတွက် အထက်မှညွှန်ကြားချက် တစုံတရာ ကျမလာသေးကြောင်း၊ သို့ရာတွင် အချို့ဆိုင်ခန်းများမှာ မိမိကိုယ်ပိုင် အသိစိတ်ဓာတ်ဖြင့် ပိတ်သိမ်းခြင်းများရှိကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။

"စျေးကြီးတွေက တချို့ဆိုင်တွေကတော့ ရောဂါကြောက်လို့ သူ့ဘာသာပိတ်သွားကြ ပြီပေါ့နော်။ ဆိုင်တွေအားလုံးကို ပိတ်ဖို့ကျတော့ အထက်ကညွန်ကြားချက် လိုအပ်တယ်။ ရန်ကုန်မှာ တနေ့ထက်တနေ့ ပိုးတွေ့လူနာတွေ များလာတော့ အခုလို လူစည်ကားတဲ့ စျေးကြီးတွေဆို စိုးရိမ်နေရတယ်"ဟု ၎င်းကပြောသည်။

မျိုးလှိုင်(Pyi Myanmar)

#popolay #popolaytv #news



Follow us on