1. Home
  2. Myanmar News

ရန်ကုန်ရှိ Stay At Home (၂၈) မြို့နယ်တွင် အဝင်အထွက် ကန့်သတ်

Myanmar News ก.ย. 11, 2563 view 1,441

ရန်ကုန်တိုင်းဒေသကြီးက COVID-19 ရောဂါထိန်းချုပ်နိုင်ရေးအတွက် နေအိမ်မှာနေထိုင်ရေး (Stay At Home) သတ်မှတ်ထားတဲ့ မြို့နယ် (၂၈) မြို့နယ်က ရပ်ကွက်တွေ နဲ့ လမ်းတွေကို စက်တင်ဘာ (၁၀) ရက်ကစပြီး အဝင်အထွက်တွေ ကန့်သတ်ထားတယ်လို့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။ (Stay At Home) သတ်မှတ်ထားတဲ့ မြို့နယ်တွေက လမ်းသွယ်တွေမှာ အုပ်ချုပ်ရေးအဖွဲ့တွေ နဲ့ မြို့မိမြို့ဖတွေ ပူးပေါင်းပြီး အဝင်အထွက်၊ အသွားအလာတွေကို ပိတ်ဆို့တာတွေ ပြုလုပ်နေတာလို့ ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထူးကျော်က ပြောပါတယ်။

“ အဓိကတော့ အထဲက လူ အပြင်မထွက်ဖို့ ၊ အပြင်ကလူ အထဲကို မဝင်ဖို့ စိစစ်ရမှာပေါ့။ မြို့နယ်ထဲက ပြည်သူ့လူထုကို တက်နိုင်သလောက် အပြင်ထွက်တာကို လျှော့ချတာပေါ့။ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုတွေက ခုနောက်ပိုင်း များလာတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ တက်နိုင်သမျှ အပြင်မထွက်ဖို့အတွက်ကို ရည်ရွယ်ပြီးတော့ ဆောင်ရွက်တာပေါ့။ ဒါရောဂါပြန့်ပွား ထိန်းချုပ်မှုကို အများကြီး အထောက်အကူပြုတယ်ပေါ့ ” လို့ ဦးထူးကျော်က ပြောပါတယ်။

ရန်ကုန်မြို့တွင်းက Stay At Home သတ်မှတ်ထားတဲ့ မြို့နယ်တွေမှာတော့ Block အလိုက် လူ (၁၀) ယောက်နဲ့ အဝင်အထွက်တွေကို ကြီးကြပ်နေတယ်လို့ ဦးထူးကျော်က ပြောပါတယ်။ (Stay At Home) သတ်မှတ်ထားတဲ့ မြို့နယ်တွေရဲ့ ရပ်ကွက်တွေမှာတော့ ရပ်ကွက်ပြင်ပကနေ လာတဲ့ သူတွေ ၊ မော်တော်ယာဉ်တွေ အကြောင်းကိစ္စမရှိဘဲ ဝင်ထွက်သွားလာလို့ မရဘူးလို့လည်း ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက ပြောပါတယ်။

“ ကျန်းမာရေးက ထုတ်ပြန်ထားတာတွေကို မလိုက်နာရင်တော့ သက်ဆိုင်ရာ တည်ဆဲဥပဒေတွေနဲ့ အရေးယူသွားမှာပါ ” လို့ ဦးသိန်းဇော်ဦးက ပြောပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက (Stay At Home) မှာ အကျုံးဝင်တဲ့ မြို့နယ်တွေက ပြည်သူတွေ့ဟာ မိမိနေအိမ်မှာ နေထိုင်ဖို့ (အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ ၊စက်ရုံ၊ အလုပ်ရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့ သွားရောက်သူများ မပါ)၊ မဖြစ်မနေ ဈေးဝယ်ဖို့အတွက် တစ်အိမ်ကို တစ်ဦးသာ သွားရောက်ဖို့ ဆေးရုံ၊ ဆေးခန်း သွားရောက်ဖို့ရှိရင်လည်း တစ်အိမ်ကို နှစ်ဦးသာ သွားရောက်ဖို့ နေအိမ်မှ ပြင်ပသို့ သွားရင် ပါးစပ်/နှာခေါင်းစည်း (Mask) တပ်ဖို့ စတဲ့ အချက်တွေကို လိုက်နာဖို့ စည်းကမ်းသတ်မှတ်ထားပါတယ်။

သတင်း-ဝေယံထက်ဝင်း(One) ဓာတ်ပုံ - Ant Bwe Kyaw (FB), RFA

#popolay #popolaytv #news



Follow us on