ကန်စွန်းရွက်မှာ ဗီတာမင်အေ၊ ဗီတာမင် B1၊ ဗီတာမင်စီ၊ ပရိုတင်းဓာတ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်၊ ကာရိုတင်း စတဲ့ အာဟာရ ဓာတ်တွေ များစွာ ပါဝင်တာကြောင့် သင့်ကျန်းမာရေး အတွက် တန်ဖိုး မဖြတ်နိုင်တဲ့ အရွက် တစ်မျိုးပဲ ဖြစ်ပါတယ်။
(၁) အိပ်ရေးဝဝ အိပ်ပျော်စေပါတယ် - ကန်စွန်းရွက်ဟာ အိပ်မပျော်တဲ့သူ ဒါမှမဟုတ် အိပ်ပျော်ဖို့ ခက်ခဲတဲ့သူ တွေအတွက် အိမ်သုံး သဘာဝ ဆေးတစ်လက်လိုမျိုး အသုံးဝင်ပါတယ်။ ကန်စွန်းရွက်ဟာ အိပ်မောကျအောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိလို့ပါ။ ကန်စွန်းရွက်ကို စားရင် အချိန်ကြာကြာ အိပ်ပျော်စေတာမျိုး မဟုတ်ဘဲ အိပ်စက်မှု အရည်အသွေးကို ပြည့်ဝစေတာကြောင့် နိုးထလာတဲ့အခါ လန်းဆန်း စေနိုင်ပါတယ်။
(၂) ဝမ်းမှန်မှန်သွားစေပါတယ် - ကန်စွန်းရွက်မှာ အလေးချိန်တူ ခရမ်းချဉ်သီးထက် ပရိုတင်းဓာတ် လေးဆ ပိုမိုပါဝင်ပြီး ကယ်လ်စီယမ် ပါဝင်မှုက ၁၂ ဆ ပိုများကာ ကာရိုတင်းဓာတ်လည်း ပိုမိုပါဝင်ပါတယ်။ ဒါ့အပြင် ကန်ဇွန်းရွက်မှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းမှန်မှန် သွားစေပါတယ်။ ကန်ဇွန်းရွက်ကို စားပြီးချိန်မှာ အူထဲရှိ အက်စစ် ဂုဏ်သတ္တိကို လျော့ကျစေတာကြောင့် အူလမ်းကြောင်းရှိ Flora မမျှတမှုမဖြစ်အောင် ကာကွယ်ပေး နိုင်တဲ့အတွက် ကင်ဆာရောဂါကို တားဆီးပေးတဲ့ အာနိသင်ရှိပါတယ်။
(၃) ကိုယ်အလေးချိန် လျော့ကျစေပါတယ် - ကန်စွန်းရွက်ကို ဝမ်းနုတ်ဆေး၊ သန်ချဆေးအဖြစ် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ယုံကြည်ကြသလို ကိုယ်အလေးချိန် လျှော့ချလိုသူတွေ အတွက်လည်း ကောင်းပါတယ်။ ကန်စွန်းရွက်ဟာ ဝမ်းချုပ်တာ၊ လိပ်ခေါင်း ဖြစ်တာတွေကို သက်သာ စေသလို ကိုယ်အလေးချိန် လျော့ကျလိုသူတွေ အတွက်လည်း တခြား အစားအသောက်တွေ နေရာမှာ အစားထိုး စားသင့်တဲ့ အစာပဲ ဖြစ်ပါတယ်။
(၄) သွေးဖိအားကို ထိန်းပေးပါတယ် - သွေးတိုး နေသူတွေမှာ ကန်စွန်းရွက်ကို စားပေးရင် သွေးဖိအား လျော့ကျစေပါတယ်။ ကန်စွန်းရွက်ဟာ သွေးကြောထဲရှိ အဆီတွေ ကင်းဝေးစေရေးအတွက် အရေးပါပါတယ်။
(၅) သိုင်းရွိုက်ဂလင်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ် - ကန်စွန်းရွက်မှာ ကယ်လိုရီ ပါဝင်မှု နည်းပြီး ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဖောလစ်အက်စစ်၊ ဆာလဖာ၊ သွပ်(ဇင့်)၊ ပိုတက်စီယမ်၊ ဖော့စ်ဖရပ်စ်၊ အိုင်အိုဒင်းနဲ့ သံဓာတ်တို့ ပါဝင်တာကြောင့် သိုင်းရွိုက်ဂလင်းရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ် ပေးနိုင်ပါတယ်။ အင်တီ အောက်ဆီးဒင့် ပါဝင်မှု မြင့်မားတာကြောင့် ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို နှလုံးရောဂါကိုလည်း ကင်းဝေးစေပါတယ်။
(၆) ရောင်ရမ်းမှုကို လျော့ကျစေပါတယ် - ကန်စွန်းရွက်ကို သုပ်ပြီး စားတာကြောင့် ပန်းနာ ရပ်ကျပ်ရောဂါ၊ အအေးမိတာ၊ ချောင်းဆိုးတာနဲ့ လေပြွန် ရောင်ရမ်းတာတွေကို သက်သာစေပါတယ်။ ကန်စွန်းရွက်မှာ အမိုင်နိုအက်စစ် အများအပြား ပါဝင်ကာ အဆိပ်တား အာနိသင်၊ ရောင်ရမ်းမှု ကျစေတဲ့ အာနိသင်၊ ဆီးသွားစေတဲ့ အာနိသင်နဲ့ အိပ်မောကျစေတဲ့ အာနိသင်တွေကို ရရှိစေပါတယ်။
(၇) ဆီးချိုသွေးချိုရောဂါကို ကာကွယ်ပေးပါတယ် - ကန်စွန်းရွက်မှာ အမျှင်ဓာတ် အများအပြား ပါဝင်တဲ့အပြင် အင်ဆူလင်လို အာနိသင်လည်း ရှိကာ ဆီးချိုသွေးချို ရောဂါ ကာကွယ်ရေး အနေနဲ့ သွေးတွင်း သကြားဓာတ်ကိုလည်း ထိန်းချုပ်ပေးနိုင်စွမ်း ရှိပါတယ်။
(၈) အဆိပ်ပြေစေပါတယ် - ကန်စွန်းရွက်ကို အဆိပ်ပြေစေတဲ့ ဆေးတစ်လက်လို အသုံးပြုကြပါတယ်။ အစားမှား တာကြောင့် အော့အန်တဲ့ ဝေဒနာတွေကို သက်သာ စေတယ်လို့ ယုံကြည်ကြပါတယ်။ ကန်စွန်းရွက်မှာပါတဲ့ အင်တီ အောက်ဆီးဒင့်ဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ကင်းစင်စေတာကြောင့် ရောဂါများစွာ၊ အထူးသဖြင့် ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
ကန်စွန်းရွက်ရဲ့ တခြားကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ ...
- ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို လျော့ကျစေပါတယ်။
- ခေါင်းကိုက်တာ၊ သွားကိုက်တာကို သက်သာစေပါတယ်။
- ဗောက်ထတာနဲ့ အရေပြား ပြဿနာတွေအတွက် အသုံးဝင်ပါတယ်။
- အနာတွေကို သက်သာစေပါတယ်။
-နာ့ဗ်ကြောရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။
(ပိုပိုလေး)
comment