ဟင်းသီးဟင်းရွက်မှရရှိသောအမျှင်ဓါတ်၏အကျိုးကျေးဇူးသည် အားလုံးသိထားသည့်အတိုင်း အညစ်အကြေးစွန့်စနစ်ကိုအထောက်အကူပြုတယ်၊ ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးတယ်။ ထို့အပြင် ရောဂါများဖြစ်နိုင်ခြေအခွင့်အလမ်းကိုလည်း လျှော့ချပေးတယ်၊ ဥပမာအားဖြင့် - အူမကြီးကင်ဆာရောဂါ၊ ဆီးချိုရောဂါအမျိုးအစား ၂ ၊ နှလုံးသွေးကြောကျဉ်းရောဂါ အစရှိတဲ့ရောဂါများဖြစ်ပါတယ်။ ထို့ကြောင့် အမျှင်ဓါတ်သည် ခန္ဓာကိုယ်အတွက်မရှိမဖြစ်အလွန်လိုအပ်ပါတယ်။
သို့သော် ကျွန်တော်တို့မှာ တစ်နေ့တာလိုအပ်သော အမျှင်ဓါတ်ပါဝင်သောအစားအစာများကိုစားသုံးတာ လုံလောက်စွာရှိနေပြီလားဆိုတဲ့မေးခွန်းက စိတ်ဝင်စားစရာပါ။
အမေရိကန် အစာအာဟာရဆိုင်ရာပညာရှင်များ၏ အကြံပြုချက်အရ လိုအပ်သောအမျှင်ဓါတ်ပမာဏများမှာ အမျိုးသမီးမှာ ၂၅ ဂရမ်၊ အမျိုးသားများက ၃၈ ဂရမ် (အသက် ၅၀ ထက်မကျော်)၊ အသက် ၅၀ အထက်ရှိသူများအတွက်ကတော့ ၂၁-၃၀ ဂရမ် အသီးသီးရရှိရန် လိုအပ်ပါတယ်။
ကျွန်ုပ်တို့စားသုံးသောအမျှင်ဓါတ်ပမာဏကိုသိရှိဖို့အတွက်ဆိုရင် အလွယ်ကူဆုံးနည်းလမ်းတစ်ခုကတော့ ၎င်းကုန်ပစ္စည်း၌ဖော်ပြထားသော အစာအာဟာရတန်ဖိုးပါဝင်မှုကို ကြည့်ဖြင်းအားဖြင့်သိနိုင်ပါတယ်။ တကယ်လို့ အလားတူကုန်ပစ္စည်းအမျိုးအမည်ဖြစ်ပါက အမျှင်ဓါတ်တန်ဖိုးပါဝင်မှုပိုများသောဥစ္စာကိုရွေးချယ်ရန် လိုအပ်ပါတယ်။
တစ်နေ့တာထမင်းနပ်တွေထဲမှာ အမျှင်ဓါတ်များဖြည့်ဆည်းစားသောက်ပေးသောနည်းလမ်းများ
• နေ့တစ်နေ့ရဲ့အစဖြစ်တဲ့ မနက်စာတွေထဲမှာ Cereal ထဲလတ်ဆတ်တဲ့အသီးအနှံများထည့်စားပေးခြင်းလည်း ရပါ တယ်။
• တစ်နေ့တာစားသောက်သော ထမင်းအနပ်တိုင်းမှာ ဟင်းသီးဟင်းရွက်ကြော်များ၊ အရည်သောက်များ၊ အတို့အမြုံများ စားပေးရန်လိုအပ်တယ်။
• ပဲအမျိုးမျိုး၊ ကောက်ပဲသီးနှံအစေ့အဆံများ စားရန်၊ ဒါမှမဟုတ်လည်း ဒိန်ချဉ်ထဲထည့်စားလို့လည်း အဆင်ပြေပါတယ်။
• မုန့်ပဲသွားရည်စာများစားမည့်အစား မုန်လာဥနီ၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်းတို့ကို (Salad) အသုပ်ပုံစံလို လုပ်စားပေး လို့လည်း ရပါတယ်။
• ပြုပြင်ပြောင်းလဲထားတဲ့ ဟင်းသီးဟင်းရွက်များစားတာထက် လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်၊ အသီးအနှံ များသာစားရန် ပိုပြီးသင့်တော်ပါတယ်။
အမျှင်ဓါတ်သည် ခန္ဓာကိုယ်ကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်သောအာဟာရဓါတ်တစ်မျိုးဖြစ်ပါတယ်။ ထို့ကြောင့် အမျှင်ဓါတ်ပါတဲ့အစားအစာများ အစားနည်းတဲ့သူတွေပဲဖြစ်ဖြစ် (သို့) မကြိုက်လို့မစားတဲ့သူတွေဘဲဖြစ်ဖြစ် စားပေးရန် တိုက်တွန်းချင်ပါတယ်။ အတင်းအကျပ်တစ်ခါတည်းအများကြီးစားရန်မဟုတ်ဘဲ ပမာဏနည်းနည်းချင်းစီနဲ့ ဖြည်းဖြည်းချင်းစားပေးရန် အကြံပြုချင်ပါတယ်။
ရေများများသောက်ပေးဖို့လည်းမမေ့နဲ့ဦးနော်။
အချိန်ကြာရှည်စွာ အညစ်အကြေးစွန့်ခြင်းဆိုင်ရာ ကျန်းမာရေးပြဿနာရှိပါက တတ်ကျွမ်းနားလည်သောဆရာဝန်နှင့်ပြသရန် အကြံပြုပါရစေ။
(ပိုပိုလေး)
comment