သင်္ဘောသီးသည် မြန်မာသာမက တစ်ကမ္ဘာလုံးတွင် စားသုံးကြသော အသီးဖြစ်သည်။ အရသာကောင်းသည်။ ဝမ်းမှန်စေသည့် အစာအဖြစ် စားသုံးသည်။ အထူးသဖြင့် အပူပိုင်းဇုန်များတွင် ပို၍ဖြစ်ထွန်းသည်။ သင်္ဘောပင်၏ ထူးခြားချက်မှာ အဖိုပင်နှင့် အမပင်ဟူ၍ နှစ်မျိုးရှိသည်။ အဖိုပင်သည် အသီးမသီးပေ။ မြေသြဇာကောင်းလျှင် သင်္ဘောအမပင်မှ အသီးများမှာ ပင်စည်ပတ်လည်တွင် နေရာမလပ် ပြွတ်သိပ် ညပ်နေအောင် သီးလေ့ရှိသည်။ အသီးကြီးစေချင်လျှင် ကြားညပ်သော အသီးများကို ချွေပေး ခူးပေးရသည်။ သင်္ဘောသီးတွင်လည်း အလုံးအဝိုင်းမျိုးနှင့် အရှည်သီးဟူ၍ နှစ်မျိုးတွေ့ရသည်။
အပူပိုင်းဒေသများတွင် လုံးဝိုင်းသောအမျိုးက ပို၍ ဖြစ်ထွန်းပြီး ပို၍ချိုသည်။ သင်္ဘောသီးသည် စားကောင်းရုံမျှမက ဆေးဘက်ဝင်ကြောင်းကို ရှေးကအိန္ဒိယ အာယုဗေဒဆေးကျမ်းများတွင် တခမ်းတနား ဖော်ပြခဲ့သည်။
အနောက်တိုင်းတွင်လည်း ၁၅ ရာစုခန့်က တွေ့ရှိသည့် ခရီးသည်ကြီး မာကိုပိုလို၏ မှတ်တမ်းများတွင် သူ၏ သင်္ဘောသားများတွင် ဖြစ်ပွားသည့် သွားဖုံးသွေးယိုရာဂါနှင့် ရေစီးကမ်းပြိုရောဂါများမှာ သင်္ဘောသီး စားရုံနှင့် ပျောက်ကင်းကြောင်းနှင့် အလွန်ကျေးဇူးကြီးသည့် ရွှေရောင်အသီးဖြစ်ကြောင်း မှတ်တမ်းများ တွေ့ရှိခဲ့ကြရသည်ဟု ဆိုသည်။ သင်္ဘောသီးအမှည့်တွင် ဗီတာမင် အေနှင့်စီ အမြောက်အများ ပါဝင်သည်ဟု ဆိုသည်။
ဗီတာမင်အေမှာ မျက်စိအတွက်နှင့် ဗီတာမင်စီမှာ ကိုယ်ခံအားအတွက် ကောင်းခြင်းနှင့် ကင်ဆာကို ကာကွယ်နိုင်သော Antioxident ဟု ဆိုကြသည်။ သင်္ဘောသီးအစိမ်းမှာ အစာကြေစေသည်။ အသားကို နူးစေသည်။ ဟင်းအဖြစ် ချက်စားလျှင် အစာအိမ်ရောင်ခြင်း၊ အသည်းရောဂါများကို ကောင်းစေနိုင်သည်ဟု ဆိုသည်။ သင်္ဘောသီးတွင် အဓိက ပါဝင်သောဓါတ်မှာ (papin) ဟုခေါ်ပြီး အခြား ရှားပါးသတ္တုဓါတ်များ မင်ဂနိ(စ်)နှင့် သွပ်ဓါတ်၊ ထုံးဓါတ်များလည်း ထိုက်သင့်သလောက် ပါဝင်သည်ဟု အဆိုရှိသည်။
ရှေးမြန်မာ လူကြီးများက နံနက်သင်္ဘော၊ ညငှက်ပျောဟု အဆိုရှိကြသည်။ နံနက်စောစော အစာစားပြီး သင်္ဘောသီးမှည့် စားပေးလျှင် အစာကြေစေပြီး ရင်တောင့်ခြင်း၊ ရင်ခံခြင်းမှ ကင်းရှင်းသည်။ ဝမ်းသက်လေကြေစေသည်ဟု ယူဆသည်။ ညအိပ်ယာဝင် ငှက်ပျောသီး ဖီးကြမ်း စားပေးလျှင် လေဖိပြီး ညအိပ်ပျော်စေသည်။ နောက်တစ်နေ့နံနက်တွင် ဝမ်းမှန်စေသည်ဟု အယူအဆ ရှိကြသည်။ တိုင်းရင်းမြန်မာ အယူအဆတွင် သင်္ဘောသီးအစိမ်းသည် လေစာဖြစ်သည်။ သင်္ဘောသီးအမှည့်သည် အာပေါ+ဝါယော အစာဖြစ်သည်။
လေစာဆိုသော်လည်း လေချုပ်စာမဟုတ်၊ လေပွ၊ လေသက်စေသော အစာမျိုး ဖြစ်သည်။ ထို့အပြင် သင်္ဘောသီးကို ခွဲလိုက်လျှင် အလယ်တွင် အခေါင်းပွပါသဖြင့် အာကာသ (အပေါက်၊ အခေါင်းရှိသော) အစာမျိုး ဖြစ်သည်။ သင်္ဘောရွက်သည်လည်း ပုံမှန်သစ်ရွက် မဟုတ်ဘဲ လက်ငါးချောင်းကဲ့သို့ လက်ခြားပါသော သစ်ရွက်ရိုးတံတွင် ခေါင်းပွပါသော သစ်ရွက်ဖြစ်သဖြင့် အာကာသအရွက် ဖြစ်သည်။
သင်္ဘောသီး၏ အဟာရနှင့် ဆေးအသုံးဝင်ပုံကို အသိများသော်လည်း သင်္ဘောရွက်၏ ဆေးဘက်ဝင်ပုံကို သိသူနည်းသဖြင့် တင်ပြလိုက်ရပါသည်။ သင်္ဘောရွက်တွင် ရွက်နုနှင့် ရွက်ကြမ်းနှစ်မျိုး ရှိသည်။ ထွက်ခါစအရွက်နှင့် အဖူးတို့ကိုပြုတ်ပြီး တို့စရာအဖြစ် စားသုံးလေ့ ရှိကြသည်။ ရွက်ကြမ်းများကို မီးကင်၊ မီးမြိုက်ပြီး ဆေးဘက်ဝင်အဖြစ် စားသုံးလေ့ ရှိကြသည်။ ရှေးကပင် လူကြီး၊ သက်ကြီးရွယ်အိုများနှင့် လေသက်၍ အစာကြေစေသည်ဆိုကာ အရွက်ကြမ်းကို မီးမြိုက်ပြီး စားသုံးလေ့ရှိကြသည်။ ရင်ကြပ်၊ ပန်းနာနှင့် စကားပြောလျှင် မောပြီး လေမဆက်သူများအတွက် သင့်တော်သည်။ သင်္ဘောရွက်သည် ခါးသောအရသာ ရှိသည်။ ခါးသောအရာ မှန်သမျှသည် လေကိုဖွပေးသော ဓာတ်သဘောရှိသည်။ စားသုံးမှုများလျှင်၊ လွန်ကဲလျှင်ေ ခါင်းမူးတတ်သဖြင့် အခါးအရသာရှိသော အသီးအရွက်မှန်သမျှ သင့်တင့်ရုံသာ စားသုံးရမည်။
သင်္ဘောရွက်ကြမ်းပြုတ်၊ ကပ်ကြေးဖြင့် ပါးပါးညှပ်ပြီး လက်ဖက်သုပ်ကဲ့သို့ အသုတ်ပြုလုပ်ပြီးလည်း စားသုံးနိုင်သည်။ နှမ်းနက်၊ ကြက်သွန်ဖြူကြော်တို့နှင့် တွဲဖက်စားလျှင် လေသက်စေသည်။ ညနေစောင်းအချိန် (ညနေ ၃ နာရီမှ ၆ နာရီအတွင်း) စားလျှင် ပို၍ လေရသည်။ သင်္ဘောရွက်ကိုထောင်းပြီး ညှစ်ယူ၍ရသော အရည်ကို နေ့စဉ်မှန်မှန် သောက်ပေးလျှင် ဝမ်းတွင်းမှ တုတ်၊ သန်စသော ပိုးများကို အောက်သို့ သက်စေသည်။ အစာအိမ် အူသိမ်မှ အနာကို ကျက်စေသည်။ ၎င်းကို သဘောင်္ရွက်သတ္တုရည်ဟု ခေါ်သည်။ မကြာသေးမီက စာစောင်တစ်ခုတွင် မြဝတီမဂ္ဂဇင်း အယ်ဒီတာချုပ်ဟောင်း ဆရာကြီးမင်းယုဝေ ရေးထားသည်မှာ သင်္ဘောရွက်ကို မီးကင်ပြီး အရည်ညှစ်သောက်သဖြင့် ကင်ဆာရောဂါ ပျောက်ကင်းနိုင်ကြောင်း လွန်ခဲ့သော နှစ် (၂၀) ခန့်က မိတ်ဆွေတစ်ဦးက ပြောဖူးသည်။ လွန်ခဲ့သောနှစ်က မိတ်ဆွေတစ်ဦးတွင် အဆုတ်ကင်ဆာရောဂါ ဖြစ်သဖြင့် သောက်ြကည့်ရန် တိုက်တွန်းရာ အမှတ်မထင်ပင် ကင်ဆာရောဂါ ပျောက်ကင်းသွားကြောင်း လက်တွေ့သိရသည်ဟု ဆိုသည်။
ဆရာကြီးမင်းယုဝေ၏ ပြောကြားချက်ဖြင့် စာရေးဆရာကြီး တက္ကသိုလ်ဝင်းမွန်မှလည်း အခြားဝေဒနာသည်တစ်ဦးကို ထပ်မံပြောရာ ထိုသူမှာလည်း ကုသရန် ခက်ခဲသော ကင်ဆာရောဂါမှ ကင်းကင်းရှင်းရှင်း ပျောက်ကင်းသွားသည်ဟု ဆိုသည်။ ဆရာတော်ကြီး တစ်ပါးမှာလည်း လည်ချောင်းအစာရေမျိုတွင် ကင်ဆာဆဲလ် တွေ့သဖြင့် ဆေးရုံမှ ဓါတ်ကင်ရန် ညွှန်ကြားရာ မကင်လိုဟု ဆိုကာ နယ်ပြန်ကြွသွားခဲ့သည်။ ထို့နောက် သတင်းကြားသဖြင့် သင်္ဘောရွက်ကို ထောင်းပြီး အရည်ညှစ်သောက်ရာမှ ကင်ဆာရောဂါမှာ ဓါတ်ကင်စရာ မလိုတော့ဘဲ ပျောက်ကင်း ချမ်းသာခဲ့သည်ဟု ဆရာကြီးက ရေးသားထားသည်ကို ဖတ်ရှုရပါသည်။ စာရေးသူ လက်တွေ့ ကုသဖူးသည်မှာ တိုင်းရင်းဆေးသိပ္ပံ ဆေးရုံကြီးတွင် အလုပ်သင်ဆရာအဖြစ် တာဝန်ကျစဉ်က ဖြစ်သည်။ ဒူးဆစ်၊ ဂုံညင်းနှင့် အရိုးအောက်ခံခွက် အတွင်းမှ လမ်းသွားလျှင် မခံမရပ်နိုင်အောင် နာကျင်သူတစ်ဦးကို သင်္ဘောရွက်များကိုထောင်းပြီး စည်းဆေးအဖြစ် ဒူးတွင် ထည့်ပေးခဲ့ရာ (၇) ရက်ခန့်စည်းပြီး သက်သာသွားခဲ့ပါသည်။
ဒူးဆစ်၊ ဂုံညင်းနှင့် အောက်ခံအရိုးဂျွိုင်းဆက်တွင် ကျီးပေါင်းတက်လေ့ရှိပါသည်။ ဘောလုံးကန်သူ၊ ခြင်းလုံးခတ်သူများတွင် အဖြစ်များသည်။ ဒူးဆစ် ကျီးပေါင်းတက်ပြီး အဆစ်ကြပ်လျှင် ကွေးဆန့်သောအခါ အထဲမှအသံမြည်ပြီး လမ်းသွားလျှင် နာကျင်စေသည်။ ထိုဒူးဆစ်ကို မုံညင်းဆီ သို့မဟုတ် နှမ်းဆီကို မီးဖြင့်နွေးပြီး ခပ်နွေးနွေးလိမ်းပေးပြီးနောက် သင်္ဘောရွက်ကြမ်းကို ပျော့သွားအောင် မီးကင်ပြီး စည်းပေးပါ။ ရက်သတ္တတစ်ပတ်မှ သုံးပတ်အထိ စည်းလျှင် အကောင်းဆုံး ဖြစ်ပါသည်။ ဖနောင့်ရိုးအတက်ထွက် ကျီးပေါင်းတက်သူများကို တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၄၇) ခုနှစ်ပါးဆေးဝါလေးနှင့် ရောနယ်စည်းပေးပါ။ ညအိပ်ယာဝင်ချိန်တွင် စည်းထားပြီး နံနက် အိပ်ယာထတွင် ဖြည်ပါ။ သုံးပတ်ခန့် စည်းပေးရပါမည်။ (၇) ပါးဆေးဝါးလေးမှာ ရှေးဆေးကျမ်းများပါ ဆေးနည်းကျော် ဖြစ်သည်။ ထိုဆေးတွင် ၁။ဆိတ်ဖူး ၂။လင်းနေ ၃။နွားမြေရင်း ၄။ဣဿရမူလီ ၅။ရှိန်းခို ၆။ဆေးဒန်း ၇။ကန့် စသည့် ဆေးဖက် (၇) မျိုး ပါဝင်သည်။ ဝယ်မရလျှင် ပရဆေးဆိုင်များတွင် ဖော်စပ်နိုင်သည်။ ဆေးအလေးချိန်မှာ အားလုံးဆတူဖြစ်သည်။
ဇက်၊ ဂုတ်ရိုး ကျီးပေါင်းဖုပေါ်တွင် သင်္ဘောရွက်ကိုပြုတ်ပြီး ခပ်နွေးနွေးကပ်ပေးလျှင် ကွမ်းရွက်ကပ်သကဲ့သို့ ကပ်နေသည်။ ပုံမှန် စိတ်ရှည်ရှည် ကပ်ပေးခြင်းဖြင့် ကျီးပေါင်းရောဂါကို သက်သာစေနိုင်သည်။ လေ့ကျင့်ခန်းမှာ ဘယ်လှည့် ညာလှည့် လုပ်ပေးဖို့ လိုသည်။ ဦးခေါင်း လေ့ကျင့်ခန်းမှာ ဘယ်လှည့်၊ ညာလှည့်၊ အထက်မော့၊ အောက်ငုံ့ ဖြည်းဖြည်းချင်း အစဉ်အတိုင်း တစ်နေ့လျှင် အကြိမ် နှစ်ဆယ်ခန့် လုပ်ပေးလျှင် သက်သာနိုင်သည်။ သင်္ဘောရွက်သာမက အစေ့မဲမဲများကိုလည်း အခြောက်လှန်း၊ အမှုန့်ထောင်းပြီး ပျားရည်နှင့်တေပြီး (ရောမွှေပြီး) တစ်နေ့လျှင် နှစ်ကြိမ်၊ တစ်ကျပ်သားခန့် သောက်ပေးလျှင် ကျီးပေါင်းနှင့် အရိုးအဆစ်ကိုက်ခြင်း ဝေဒနာများကို သက်သာစေနိုင်သည်။ တောရွာများတွင် သင်္ဘောစေ့အနက်အစိုကို ကလေးများ သန်ချဆေးအဖြစ် (၇) စေ့ တိုက်ကျွေးလေ့ ရှိသည်။ ကျီးပေါင်းရောဂါသည် တစ်ရက်၊ တစ်လနှင့် ဖြစ်ပ်ါလာသော ရောဂါမဟုတ်၊ လနှစ်ချီပြီး ဖြစ်လာသော ရောဂါဖြစ်သဖြင့် စိတ်ရှည်ရှည် ကုသမှုခံယူရန် လိုအပ်သည်။ ပူသော အရေပြားကို လောင်စေသော ဒဏ်ကြေဆေးများကို အလွန်အကျွံ မလိမ်းသင့်ပါ။ ပူတိုင်း မကောင်းပါ။ လေ့ကျင့်ခန်း လုပ်ခြင်း၊ ကြပ်ထုပ်ထိုးခြင်း၊ ရေနွေးအိတ် ကပ်ခြင်း၊ ဆေးပူလိမ်းခြင်း တို့ကို သင့်တင့်ရုံသာ လုပ်ဆောင်ပြီး အနေအထိုင်ကို ဆင်ခြင်၊ စိတ်ရှည်ရှည် ကုသမှုခံယူမှ သက်သာမည်ကို သတိပြုစေလိုသည်။
Credit:
comment