ကြို့ထိုးခြင်းဖြစ်ပါက ရုတ်တရက်ထိတ်လန့်အောင်ပြုလုပ်ပေးရင် သက်သာစေတယ်လို့ ပြောတာကြားဖူးကြမှာပါ။ ဒါဟာ အမှန်တကယ်တော့ ခဏတာထိတ်လန့်သွားသောအချိန်မှာ အာရုံကိုလွှဲလိုက်တာကြောင့် ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ အကြိမ်တိုင်း (သို့) လူတိုင်းအတွက် အကျိုးသက်ရောက်မှု ရှိချင်မှလည်းရှိမှာပါ။ ဒီကနေ့မှာ ရိုးရှင်းလွယ်ကူပြီး သဘာဝနည်းလမ်းနှင့်ပြုလုပ်ပေးနိုင်သော ကြို့ထိုးသက်သာစေသော နည်းလမ်းကောင်းများကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
(New England Journal of Medicine; NEJM) ၏သုတေသနလေ့လာချက်အရ အလွန်သေးငယ်သောမော်လီကျူးအချိုးရှိသော သကြားတစ်ဇွန်းကို မျိုချခြင်းတွင် ကြို့ထိုးသူအယောက် ၂၀ ထဲက ၁၉ ယောက်သည် သက်သာလျော့ပါးသွားတာကို တွေ့ရတယ်။ ဘာလို့လဲဆိုတော့ သကြားသည် အာရုံကြောကိုသွားလှုံ့ဆော်၍ ကြို့ထိုး၏လုပ်ဆောင်ချက်ကို သက်သာလျော့ပါးစေသော တုံ့ပြန်မှုတစ်စုံတစ်ခုဖြစ်ပေါ်စေသောကြောင့်ဖြစ်ပါတယ်။
သက်တောင့်သက်သာရှိသောအနေအထားတွင် လှဲလိုက်ပြီး (သို့) ခါးမတ်မတ်ထိုင်ပြီး ၁၀ စက္ကန့်လောက် အသက်ရှူအောင့်ထားပေးပါ။ ပြည့်သွားရင် ဖြေးဖြေးချင်း အသက်ရှူထုတ်ပါ။ ဤနည်းဖြင့် မိနစ် ၂၀ ခြားပြီး၊ ၃-၄ ကြိမ်လောက်ပြုလုပ်ပေးလို့ရပါတယ်။
နည်းနည်းထူးဆန်းနေပေမယ့် တကယ်အသုံးပြုနိုင်သော နောက်ထပ်နည်းလမ်းလေးတစ်ခုပါ။ နားနှစ်ဖက်ကို နားကြပ် (သို့) အဆို့တစ်ခုခုဖြင့် ပိတ်ထားပြီး ရေတစ်ခွက်သောက်လိုက်ပါ။ ၎င်းနည်းလမ်းသည် ထိရောက်သောသဘာဝနည်းလမ်းတစ်ခုဖြစ်ကြောင်း ကနေဒါဆေးပညာရှင်များက အကြံပြုထားပါတယ်။
ရှာလကာရည်အနည်းငယ်လျှာပေါ်တို့ခြင်း (သို့) သံပုရာရည်စစ်စစ်စုပ်ခြင်း တို့ကိုပြုလုပ်ပေးလို့ရပါတယ်။ ၎င်းနည်းလမ်းသည်လည်းတကယ့်ထိရောက်သောနည်းလမ်းတစ်ခုဖြစ်ကြောင်း ဗြိတိသျှဆေးပညာရှင်များက ပြောကြားထားပါတယ်။
အဆင်ပြေတဲ့အနေအထားမှာ ခါးမတ်ပြီးထိုင်ပါ။ ထို့နောက် ခြေထောက်နှစ်ဖက်ကို ရင်ဘတ်ထိကွေးပြီး လက်နှင့်ဖက်ထားလိုက်ပါ။ ၂ မိနစ်လောက်ထားပါ။ ၎င်းနည်းလမ်းသည် ကြို့ထိုးစေသော ရင်ဝမ်းခြားကြွက်သား၏ ကျုံ့တင်းမှုများကိုရပ်တန့်စေနိုင်ပြီး သက်သာသွားစေနိုင်ပါတယ်။
အထက်ဖော်ပြသောနည်းလမ်းများသည် တစ်ဦးတစ်ယောက်ချင်းစီ၏ ကျန်းမာရေးဆိုင်ရာအခြေအနေပေါ်မူတည်ပြီး ရလဒ်များ ကွဲပြားခြားနားသွားနိုင်ပါတယ်။ အကယ်၍ မြန်မြန်နဲ့မသက်သာဘဲ ပုံမှန်ထက်ပိုမိုဖြစ်နေလျှင်တော့ သက်ဆိုင်ရာ ဆေးရုံဆေးခန်းသို့ သွားရောက်ပြသပေးရန် လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ တခါတရံမှာ တချို့သူတွေအတွက် သာမန်ကြို့ထိုးခြင်းမဟုတ်ဘဲ သင်မသိတဲ့ အခြားရောဂါများနှင့်ဆက်စပ်မှုရှိနေသော အခြေအနေမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။
(ပိုပိုလေး)
comment